Home သတင်း မူတြော်ခရိုင်၊ ရာထရွာတွင် စစ်အုပ်စု လေယာဥ်ဗုံးကြဲတိုက်ခိုက်၍ နေအိမ် (၅) လုံးပျက်စီး

မူတြော်ခရိုင်၊ ရာထရွာတွင် စစ်အုပ်စု လေယာဥ်ဗုံးကြဲတိုက်ခိုက်၍ နေအိမ် (၅) လုံးပျက်စီး

23
Photo: CJ

အောက်တိုဘာ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)နယ်မြေ၊ ဘူးသိုမြို့နယ်၊ ပါဟဲ့‌ကျေးရွာအုပ်စုရှိ ရာထကျေးရွာသို့ ယမန်နေ့၊ အောက်တိုဘာ(၂၇)ရက်က စစ်အုပ်စု၏ လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် (၅) လုံး ပျက်စီးခဲ့ကြောင်း နယ်ခံများထံမှ သိရသည်။

ယမန်နေ့၊ ည(၁၂)နာရီအချိန်တွင် ရာထကျေးရွာအတွင်းသို့ စစ်အုပ်စုက လေကြောင်းဖြင့် ဗုံး ၃ လုံးကြဲချခဲ့ရာ ရာထရွာအလယ်၊ ရွာထိပ်နှင့် ရွာအစွန် သံလွင်မြစ်ဘေးတို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။

“ဗုံးက ရွာအလယ်မှာ တစ်လုံး၊ ရွာထိပ်မှာ တစ်လုံး၊ နောက်တစ်လုံးကတော့ သံလွင်မြစ်ဘေးနားမှာ သွားကျတာ။ လေယာဉ်က ရွာထဲကို တည့်တည့်ပစ်တာ မထိဘဲ မြစ်ဘေးနား သွားကျတာ ထင်တယ်။ မယ်နုထာရွာကို ဗုံး စကြဲကတည်းက ဒီဘက်က ဒေသခံတွေလည်း ဘေးလွတ်ရာ ရှောင်ထားကြလို့ လူအထိအခိုက်တော့ မရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ရာထကျေးရွာအတွင်းရှိ အရပ်သားပြည်သူပိုင် နေအိမ် (၅) လုံး ပျက်စီးခဲ့သည့်အပြင် ဝါးဖောင်ပေါ်တွင်ဆောက်ထားသည့်တဲတစ်လုံးနှင့် သံလွင်မြစ်ကမ်းနံဘေး ရပ်နားထားသော စက်လှေတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

Photo: CJ

ပြီးခဲ့သည့် အောက်တိုဘာ (၂၅) ရက်နေ့တွင်လည်း စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သံလွင်မြစ်နံဘေးရှိ မယ်နုထာ ကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ် (၁) ဦးသေဆုံးပြီး (၂) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

ထိုရက်ကတည်းက ထပ်မံဖြစ်ပေါ်လာနိုင်သည့် လေကြောင်းရန်ကြောင့် လုံခြုံရေးသတိပေးမှုအရ မယ်နုထာရွာ အနီးဝန်းကျင်နှင့် သံလွင်မြစ်နံ‌ဘေးတစ်‌လျှောက်ရှိကျေးရွာများမှာ သတိဖြင့်နေကြရသည်ဟု ဒေသခံများက ဆိုသည်။

ယမန်နေ့က လေယာဥ်ဗုံးကြဲမှုဖြစ်ပေါ်ခဲ့သည့် ရာထရွာအပါအဝင် အနီးဝန်းကျင်ရွာများသည် တပ်မဟာ (၅) နယ်မြေတွင် စစ်အုပ်စု စစ်ရေးလှုပ်ရှားမှုများ စတင်ပြုလုပ်ချိန်ကတည်းက လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုကို မကြာခဏ ကြုံတွေ့နေရခြင်းဖြစ်သည်။

ယင်းကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုရှိသည့်အပြင် နေအိမ်များနှင့် ဘာသာရေးအဆောက်အအုံများလည်း ပျက်စီးခဲ့ကြောင်း ဒေသခံများအပါအဝင် နယ်မြေတာဝန်ရှိသူများက ပြောသည်။