Home သတင်း ပြည်နယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပအပြီး ကေအဲန်ယူ တပ်မဟာ(၆)တွင် စစ်ရေးလှုပ်ရှားမှုများလာ

ပြည်နယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပအပြီး ကေအဲန်ယူ တပ်မဟာ(၆)တွင် စစ်ရေးလှုပ်ရှားမှုများလာ

17
Photo: CJ (ပုံဟောင်း)

အောက်တိုဘာ (၆) ရက်၊ ၂၀၂၆ ခုနှစ်၊ ကေအိုင်စီ။

အပြန်အလှန်ယုံကြည်မှုများ တည်ဆောက်ရန်ဟုဆိုကာ ကရင်ပြည်နယ် ဖားအံမြို့တွင် စစ်အုပ်စုပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပခဲ့အပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေတွင် စစ်အုပ်စု၏ အင်အားတိုးချဲ့မှုအပါအဝင် စစ်ရေးလှုပ်ရှားမှု များလာကြောင်း ဒေသခံများနှင့် နယ်မြေရှိ တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ကော့ကရိတ်အပါအဝင် မြဝတီ(ရာမတီး)တောင်ပိုင်းဒေသတွင် နယ်မြေစိုးမိုးမှုရရန် နှစ်ဖြင့်ချီကြိုးပမ်းလာသည့် စစ်အုပ်စုသည် ယခုရက်ပိုင်း လေးကေကော်၊ ဖလူး၊ မင်းလက်ပံ ဘက်သို့ စစ်ကားများဖြင့် အင်အားအများအပြားပို့ဆောင်နေသလို ကော့ကရိတ်နှင့် ကျုံဒိုးမြို့နယ်ထဲတွင်လည်း စစ်ကြောင်းထိုးလာမှု ပိုလုပ်လာသည်ဟု ကရင်စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

“စစ်အုပ်စုက စားပွဲခုံပေါ်မှာ ငြိမ်းချမ်းရေးစကားဘယ်လောက်ပြောပြော အောက်မှာက နေတိုင်းပစ်ကြတာပဲ။ အခု ဖလူး-မင်းလက်ပံဆိုရင် ပုံမှန် စစ်အင်အားပို့နေတာပဲ” ဟု လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကတည်းက ရာမတီးတောင်ပိုင်းဒေသတွင် နှစ်ဖက်တိုက်ပွဲပဋိပက္ခများ တကျော့ပြန် ပြင်းထန်နေခြင်းဖြစ်ပြီး ထိုစဥ်မှစတင်ကာ စစ်အုပ်စုသည် မွန်နှင့်ဖားအံဘက်မှ ၎င်းတို့စစ်အင်အားများကို ပို့ဆောင်နေကြခြင်းဖြစ်သည်။

ထို့အပြင် မြဝတီတောင်ပိုင်းတွင် ၎င်းတို့အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ရန်လည်း ကြိုးစားဆောင်ရွက်နေသလို အင်အားအများအပြားပို့လာသည့်အထဲတွင် ရဲတပ်ဖွဲ့ဝင်များပါဝင်ကြောင်း ဒီမိုရစီအကျိုးပြု ကရင့်တပ်မ‌တော် DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်က ဆိုသည်။

Photo: CJ (ပုံဟောင်း)

၎င်းက “ဗမာစစ်အာဏာရှင်က အမြစ်တွယ်ပြီဆိုရင် နှုတ်ဖို့မလွယ်ဘူး။ သေတဲ့သူအများကြီးရှိရင် တက်လာမှာပဲ။ အဲဒီအထဲမှာ သူများပြောတာ ရဲတပ်ရင်းတောင်ပါတယ်လို့ကြားရတယ်။ ရောက်ရင်တော့ အုပ်ချုပ်ရေးလုပ်မလား အမျိုးမျိုးလုပ်မှာပဲလေ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အတူ တပ်မဟာ(၆)နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများလာသည့်အခြေအနေတဖက် ပထမစာနှစ်ဝက်စာမေးပွဲ ဖြေဆိုရမည့်ကာလဖြစ်နေသော်လည်း ကလေးများ ကျောင်းပုံမှန်တက်နိုင်ရေး ခက်ခဲနေသလို နေရာပြောင်းရွှေ့စာသင်ရခြင်းလည်းရှိကြောင်း ကော့ကရိတ်တောင်ပိုင်းနေ ဒေသခံများထံမှ သိရသည်။

ကရင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခများလျော့ကျပြီး ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရန် ဟု ဆိုကာ ပြီးခဲ့သည့် စက်တင်ဘာလ (၂၆) ရက်နှင့် (၂၇) ရက်နေ့တွင် ပြည်နယ်စစ်အုပ်စုခေါင်းဆောင်ပြီး ခွဲထွက်ကရင်လက်နက်ကိုင်ခေါင်းဆောင်များ၊ ပါတီအသိုင်းအဝိုင်းများ ပါဝင်သည့် ငြိမ်းချမ်းရေးဖိုရမ်တစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ခြင်းရှိသည်။

အဆိုပါဖိုရမ်၌ ဒေသအတွင်း လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ရေး၊ စစ်ဘေးရှောင်များ ပြန်လည်နေရာချထားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး အဓိကကျသည့်အဖွဲ့အစည်းများမပါဝင်ခြင်းကြောင့် စစ်အုပ်စု၏နိုင်ငံရေးပုံဖော်မှု အဖြစ်သာ လေ့လာသုံးသပ်သူများကရှုမြင်နေကြသည်။