အောက်တိုဘာ (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့်လုံခြုံရေး(WPS)လုပ်ငန်းစဥ်များကို အထောက်အပံ့ပေးရန် အမေရိကန်၊ နယူးယောက်မြို့ရုံးချုပ်တွင် ကျင်းပနေသည့် (၈၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ နောက်ဆက်တွဲဆွေးနွေးပွဲအတွင်း အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB ကိုယ်စားတက်ရောက်သည့် နော်ဆဲဆဲက နိုင်ငံတကာထံ အောက်တိုဘာ(၂၆) ရက်တွင် တောင်းဆိုသည်။
ပဋိပက္ခများဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ၏ WPS မူဘောင်အောက်တွင် ညွှန်ကြားချက်များရှိသော်လည်း အကောင်အထည်ဖော်နိုင်မှု မရှိခြင်းကြောင့် နိုင်ငံတကာမှ အထူးသဖြင့် ဒေသခံများဦးဆောင်သော WPS လုပ်ငန်းများ မူဘောင်အောက်မှ ပိုမိုတိကျစွာလုပ်ဆောင်နိုင်ရန် ထောက်ပံ့ပေးဖို့ WLB ၏ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ခေါင်းဆောင် နော်ဆဲဆဲက ဆိုသည်။
“ပထမဦးဆုံး အမျိုးသမီးအဖွဲ့အစည်းတွေအတွက် ရေရှည်ရန်ပုံငွေတွေ လိုအပ်ပါတယ်။ ဒုတိယအနေနဲ့ အမျိုးသမီးငြိမ်းချမ်းရေးတည်ဆောက်သူတွေကို ဒေသဆိုင်ရာနဲ့ အပြည်ပြည်ဆိုင်ရာမူဝါဒဆွေးနွေးမှုတွေမှာ တိုက်ရိုက်ပါဝင်နိုင်ဖို့ အခွင့်အလမ်းတွေ ပိုပြီးဖန်တီးပေးသင့်ပါတယ်။ နောက်ဆုံးကတော့ ဒေသခံဦးဆောင်တဲ့ WPS လုပ်ငန်းတွေကို ထောက်ပံ့ပေးပါ” ဟု နော်ဆဲဆဲက ပြောသည်။
ထို့အပြင် စစ်အုပ်စုအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် အမျိုးသမီးများ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးနှင့် နိုင်ငံရေးလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရပြီး ပဋိပက္ခဒေသများနှင့်ကျေးရွာများနေ အမျိုးသမီးများ၏အခြေအနေက ပိုဆိုးကြောင်း WLB က တင်ပြသွားသည်။
အမျိုးသမီးများသည် ဖက်ဒရယ်အရေးဆောင်ရွက်သည့်အဖွဲ့အစည်းများနှင့် လူမှုအခြေပြုအဖွဲ့အစည်းများတွင် ပါဝင်မှု ၆၅ ရာခိုင်နှုန်းကျော်ရှိနေသော်လည်း တဖက်တွင် လူမှုစံနှုန်းများကြောင့် ခေါင်းဆောင်နိုင်မှု ကန့်သတ်ခံနေရသည်ဟု ဆိုသည်။

WLB သည် အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ အမျိုးသမီးအရေးအပါအဝင်၊ ပြည်သူလူထု၏ လူသားချင်းစာနာမှု အကျပ်အတည်း၊ လေယာဥ်ဗုံးကြဲမှုကြောင့် လုံခြုံရေးနှင့် စစ်ဘေးရှောင်အခြေအနေများ၊ စစ်မှုထမ်းဥပဒေ၏ လူငယ်များအပေါ်သက်ရောက်မှုနှင့် နိုင်ငံတကာက စစ်အုပ်စုကိုလက်မခံရန်တို့ကိုလည်း တင်ပြခဲ့ကြောင်း သိရသည်။
အထူးသဖြင့် စစ်အုပ်စုထံ လက်နက်နှင့်လေယာဥ်ဆီလမ်းကြောင်းများကို ပိတ်ဆို့အရေးယူရန် အလေးပေးပြောဆိုခဲ့သလို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတဖက်က စစ်အုပ်စု၏ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုများကို အဓိကပြောဆိုခဲ့ခြင်းဖြစ်သည်ဟု နော်ဆဲဆဲက ဆိုသည်။
UN လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ မှ စတင်ခဲ့သည့် အဆိုပါဆွေးနွေးပွဲကို UN ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများဆိုင်ရာဌာန(DPO)၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများနှင့် ဆက်စပ်အဖွဲ့များက ပူးတွဲဦးဆောင်ကြသည်။
ဆွေးနွေးပွဲအစီအစဥ်ကို အမျိုးသမီးများအပေါ် ပဋိပက္ခဆိုင်ရာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို တားဆီးရန်၊ တရားမျှတမှုရရှိရန်နှင့် ဆုံးဖြတ်ချက်ချသည့်နေရာများတွင် အမျိုးသမီးများ တန်းတူပါဝင်ရေးကို အားပေးရန် ရည်ရွယ်လုပ်ဆောင်သလို UN အရာရှိများ၊ အစိုးရကိုယ်စားလှယ်များ၊ WLB ကဲ့သို့ အရပ်ဖက်အဖွဲ့များနှင့် အမျိုးသမီးခေါင်းဆောင်များ၊ ဒေသတွင်းတက်ကြွလှုပ်ရှားသူများလည်း တက်ရောက်ပါဝင်ကြခြင်းဖြစ်သည်။
၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာ(၉)ရက်တွင် ထိုင်း-မြန်မာနယ်စပ်၌ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနှင့်ခွဲခြားမှုရပ်တန့်ရေး အပါအဝင် ပဋိပက္ခနှင့်ဆက်စပ်နေသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို မှတ်တမ်းတင်ကာ တရားမျှတမှုနှင့်တာဝန်ခံမှုကို တောင်းဆိုနေသည့် WLB တွင် ကရင်အမျိုးသမီးများအစည်းအရုံး-KWO အပါအဝင် အဖွဲ့ဝင်(၁၃)ဖွဲ့ ပါရှိသည်။


















