Home သတင်း ဒူးပလာယာခရိုင် သစ်တောဌာန၏ သုံးကြိမ်မြောက် အစည်းအဝေးတွင် ရှေ့လုပ်ငန်းစဉ် (၁၉) ချက် အတည်ပြု

ဒူးပလာယာခရိုင် သစ်တောဌာန၏ သုံးကြိမ်မြောက် အစည်းအဝေးတွင် ရှေ့လုပ်ငန်းစဉ် (၁၉) ချက် အတည်ပြု

24
Photo: KNU

အောက်တိုဘာ ( ၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်၊ သစ်တောဌာန၏ သုံးကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို စက်တင်ဘာလ (၂၉) ရက်မှ (၃၀) ရက်နေ့အထိ နှစ်ရက်ကြာ ပြုလုပ်ကျင်းပခဲ့ရာ ရှေ့လုပ်ငန်းစဉ် (၁၉) ချက်ကို ရေးဆွဲအတည်ပြုခဲ့ကြောင်း ကေအဲန်ယူ ဒူးပလာယာခရိုင်၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။

ဒူးပလာယာခရိုင်၏(၁၇) ကြိမ်မြောက် ကွန်ဂရက်အပြီးကျင်းပခဲ့သည့် အဆိုပါအစည်းအဝေးတွင် ပြီးခဲ့သည့်ဒုတိယအကြိမ်အစည်းအဝေး၌ ချမှတ်ခဲ့သည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်မှု၊ ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် လက်ရှိအခြေအနေများကို ပြန်လည်သုံးသပ်ဆွေးနွေးကြခြင်းဖြစ်သည်။

ခရိုင်နှင့် မြို့နယ်အလိုက် သစ်တောကြိုးဝိုင်း၊ ကျေးရွာဘုံပိုင် သစ်တောပိတ်ကွက်၊ အခွန်၊ မြေတိုင်းနှင့် တိရစ္ဆာန်ထိန်းသိမ်းကာကွယ်ရေး၊ အသိပညာပေးရေး၊ သစ်တောဥပဒေချိုးဖောက်မှုအား အရေးယူရေး၊ ရေဝေရေလဲ ထိန်းသိမ်းရေး၊ စိုက်ပျိုးရေးနှင့် သစ်တောကာကွယ်ရေး အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဥ်(၁၉)ချက်ကို ရေးဆွဲအတည်ပြုခဲ့သည်ဟု ဆိုသည်။

ထို့အပြင် သစ်တောဌာနအနေဖြင့် ကော်သူးလေအတွင်းရှိ မျိုးဆက်သစ်များ၏ အသက်မွေးဝမ်းကျောင်း ကောင်းမွန်စေရေး၊ လူမှုဘဝ လုံခြုံစွာ ရှင်သန်ရပ်တည်နိုင်ရေးနှင့် ဇီဝမျိုးစုံ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ရှင်သန်ဖွံ့ဖြိုးရေးအတွက် သစ်တောသယံဇာတနှင့် ဂေဟစနစ်များကို စဉ်ဆက်မပြတ် စီမံအုပ်ချုပ်ထိန်းသိမ်းသွားရန် ရည်ရွယ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

Photo: KNU

သစ်တောဌာန၏ မှတ်တမ်းအရ လက်ရှိ ဒူးပလာယာခရိုင်အတွင်း သစ်တောကြိုးဝိုင်း (၂၉) ခု၊ တိရစ္ဆာန်ဘေးမဲ့ကြိုးဝိုင်း (၃) ခုနှင့် ကျေးရွာဘုံပိုင်သစ်တောပိတ်ကွက် (၆၁) ခု သတ်မှတ်ထိန်းသိမ်းထားပြီး ကြိုးပြင်ကာကွယ်တော (၅) ခုနှင့် ပရဆေးကြိုးဝိုင်း(၁) ခုလည်း ရှိသည်။

ထို့အတူ ဝင်းရေးမြို့နယ်တွင် သစ်တောကြိုးဝိုင်း (၁၀) ခု၊ တိရစ္ဆာန်ဘေးမဲ့ကြိုးဝိုင်း (၁) ခုနှင့် ကျေးရွာဘုံပိုင်သစ်တောပိတ်ကွက် (၁၇) ခု၊ နို့တကောမြို့နယ်တွင် သစ်တောကြိုးဝိုင်း (၁၀) ခု၊ တိရစ္ဆာန်ဘေးမဲ့ကြိုးဝိုင်း (၁) ခုနှင့် ကျေးရွာဘုံပိုင်သစ်တောပိတ်ကွက် (၃၂) ခု သတ်မှတ်ထားသည်။

ကျုံဒိုးမြို့နယ်တွင်လည်း သစ်တောကြိုးဝိုင်း (၁) ခုနှင့် ကျေးရွာဘုံပိုင်သစ်တောပိတ်ကွက် (၅) ခု ရှိပြီး ကော့ကရိတ်မြို့နယ်တွင် သစ်တောကြိုးဝိုင်း (၂) ခု၊ ကျေးရွာဘုံပိုင်သစ်တောပိတ်ကွက် (၇) ခုနှင့် ရာမတီး/မြဝတီမြို့နယ်တွင် သစ်တောကြိုးဝိုင်း (၆) ခုနှင့် ပရဆေးကြိုးဝိုင်း (၁) ခုရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အစည်းအဝေးသို့ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောလစ္စတန် အပါအဝင် ခရိုင်ခေါင်းဆောင်များ၊ မြို့နယ်အသီးသီးမှ သစ်တောဌာန တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ဌာနနှင့် ကော်မတီများမှ ခေါင်းဆောင်များ ပါဝင် တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။