Home သတင်း ဒုက္ခသည်များ အလုပ်လုပ်ခွင့်ရ တစ်နှစ်တာအတွင်း ထိုင်းလူထုအမြင်ပြောင်းလဲလာဟု TBC ပြော

ဒုက္ခသည်များ အလုပ်လုပ်ခွင့်ရ တစ်နှစ်တာအတွင်း ထိုင်းလူထုအမြင်ပြောင်းလဲလာဟု TBC ပြော

21
Photo: TBC

အောက်တိုဘာ (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ယာယီဒုက္ခသည်စခန်း(၉)ခုတွင်နေထိုင်သူများကို ထိုင်းအစိုးရက စခန်းပြင်ပထွက် အလုပ်လုပ်ခွင့်ပြုအပြီး တစ်နှစ်ပြည့်ကာလအတွင်း ဒုက္ခသည်များသည် ထိုင်းနိုင်ငံစီးပွားအတွက် အကျိုးပြုသူများအဖြစ် ထိုင်းလူထုက အမြင်ပြောင်းလဲလာသည်ဟု TBC (The Border Consortium )၏ ထိုင်းနိုင်ငံပရိုဂရမ် ဒါရိုက်တာက ပြောသည်။

ယမန်နေ့၊ အောက်တိုဘာ(၂၈)ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဒုက္ခသည်များ တရားဝင်အလုပ်ထွက်လုပ်ခွင့်ရခဲ့သည့် ကာလအတွင်း တိုးတက်ပြောင်းလဲမှု အခြေအနေများကို ပြန်လည်သုံးသပ်ရန် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပွဲတက်ရောက်လာသည့် TBC မှ မစ္စတာ အာသုန် (Arthorn (Art) Srikeeratikarn) က ထိုင်းလူထု၏အမြင်ပြောင်းလဲမှုအပေါ် မိန့်ခွန်းပြောသည်။

“ဒီအခွင့်အလမ်းဟာ ဒုက္ခသည်တွေအနေနဲ့ မိသားစုတွေကို ထောက်ပံ့ဖို့နဲ့ ဝင်ငွေရှာဖွေနိုင်ဖို့ သူတို့ရဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုတွေကို အသုံးချခွင့်ရစေပါတယ်။ အဲဒါအပြင် သူတို့ဟာ ထိုင်းနိုင်ငံရဲ့ လူမှုရေးနဲ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီခွင့်ရရှိစေတယ်” ဟု ထိုင်းနိုင်ငံပရိုဂရမ်ဒါရိုက်တာ မစ္စတာ အာသုန် ကပြောသည်။

ထို့အပြင် အဆိုပါဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များနှင့် ပူးတွဲဆောင်ရွက်မှုအခြေအနေ၊ ထိုင်းအာဏာပိုင်နှင့် ဒုက္ခသည်တာဝန်ရှိပုဂ္ဂိုလ်များအကြား ပူးပေါင်းလုပ်ဆောင်မှု အားနည်းချက် အားသာချက်များ၊ ပြင်ပထွက်အလုပ်လုပ်ခွင့်ရသည့် ဒုက္ခသည်လူဦးရေများဖို့ ကြုံတွေ့နေရသည့်အခက်အခဲများနှင့် စည်းကမ်းချက်များကို ပြန်လည်သုံးသပ်ချက်ရှိကြောင်းလည်း ကရင်ဒုက္ခသည်ရေးရာကော်မတီ-KRC ထံမှ သိရသည်။

KRC ဘက်ကလည်း လက်ရှိ ထိုင်းအစိုးရမှဆောင်ရွက်ပေးနေသည့် ပြင်ပအလုပ်ထွက်လုပ်ခွင့်ပေါ်လစီသည် ဒုက္ခသည်များအတွက် အလားအလာကောင်းသော်လည်း ဒုက္ခသည်အားလုံး အကျုံးမဝင်သေးကြောင်း မှတ်ချက်ပေးပြောဆိုထားခြင်းရှိသည်။

KRC အတွင်းရေးမှူး စောပွယ်စေးက “အမျိုးသမီးတို့၊ ကိုယ်ဝန်သည်တို့၊ ကျောင်းသားတို့ မသန်စွမ်းတို့အတွက်က အနီးအနားမှာတောင် ထွက်အလုပ်လုပ်လို့ မရသေးဘူး။ ဒါပေမယ့် ဒီလိုအခွင့်အရေးပေးတော့ ရေရှည်တည်တံ့ဖို့ အလားအလာကောင်းတယ်လို့ ပြောလို့ရတယ်” ဟု ကေအိုင်စီကို ပြောသည်။

ဆွေးနွေးပွဲသို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ရုံး၊ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးနှင့် ဒုက္ခသည်များဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုဗဟိုရုံး၏ ဒုတိယအကြီးအကဲ အပါအဝင် အစိုးရဌာနဆိုင်ရာခရိုင်၊ မြို့နယ် ကိုယ်စားလှယ်များအပြင် ဒုက္ခသည်ကူညီပေးရေးဆိုင်ရာ အဖွဲ့အစည်းများလည်း တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

လက်ရှိ TBC က ကောက်ခံထားသည့်စာရင်းများအရ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း(၉)ခု၌ ခိုလှုံသူဦးရေ (၈၀,၀၀၀)နှင့် အထက်တွင်ရှိနေသည်။

ထိုအထဲတွင် ၂၀၂၅ ခုနှစ်မှစ၍ ထိုင်းအစိုးရ၏ တရားဝင်ပြင်ပ အလုပ်ထွက်လုပ်ခွင့် မူဝါဒ ချမှတ်ပြီးနောက် တစ်နှစ်အတွင်း တရားဝင် အလုပ်ထွက်လုပ်သူ ဒုက္ခသည် (၆,၈၀၀) ကျော်ရှိလာကြောင်း TBC ၏ ထုတ်ပြန်ချက်အရ သိရသည်။