Home သတင်း တတိယအကြိမ်မြောက် အလွှာစုံ ကရင်မျိုးဆက်ခေါင်းဆောင်များပါဝင်သည့် လူငယ်တွေ့ဆုံပွဲ ကျင်းပပြီးစီး

တတိယအကြိမ်မြောက် အလွှာစုံ ကရင်မျိုးဆက်ခေါင်းဆောင်များပါဝင်သည့် လူငယ်တွေ့ဆုံပွဲ ကျင်းပပြီးစီး

25
Photo: KNU

အောက်တိုဘာ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

တတိယ အကြိမ်အလွှာစုံ ကရင်မျိုးဆက်ခေါင်းဆောင်လူငယ်များ (Karen Intergenerational Leadership Conference) တွေ့ဆုံပွဲ ညီလာခံကို ကျင်းပပြီးစီးခဲ့ကြောင်း ယနေ့ အောက်တိုဘာလ ၄ ရက်နေ့တွင် ကေအဲန်ယူ ဗဟိုက ထုတ်ပြန်သည်။

ကရင်အမျိုးသားရေးအတွက် လက်ရှိ ဦးဆောင်နေသူ ခေါင်းဆောင်များနှင့် မျိုးဆက်သစ် ခေါင်းဆောင် များအကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ကျင်းပသည့် အဆိုပါ တွေ့ဆုံပွဲကို ကော်သူးလေနယ်မြေ တစ်နေရာ၌ စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ညီလာခံကို “KAWTHOOLEI TOGETHER – CROSSING THE BRIDGE: COMMITTED TO BUILDING KAWTHOOLEI TOGETHER” ဆောင်ပုဒ်ဖြင့် ဆွေးနွေးမှုများမှ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုသို့ ရွှေ့ပြောင်းကာ မျိုးဆက်များအကြား ပူးတွဲခေါင်းဆောင်မှုနှင့် ကော်သူးလေ၏ အနာဂတ်အတွက် စုပေါင်းတာဝန်ယူမှုကို လက်တွေ့သွားရန် ရည်ရွယ်ထားသည်ဟု သိရသည်။

တွေ့ဆုံဆွေးနွေးပွဲအတွင်း သက်ဆိုင်ရာ ကရင်ခေါင်းဆောင်များနှင့် တက်ရောက်လာသည့် ကရင်လူငယ်များအကြား KNU ၏ အုပ်ချုပ်ရေး၊ အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ကော်သူးလေ တည်ဆောက်ရေး လုပ်ငန်းများတွင် ပိုမိုထိရောက်စွာ အသုံးချနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ချိတ်ဆက်စုစည်းနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo: KNU

၎င်းအပြင် လတ်တလော ရင်ဆိုင်နေရသည့် ကရင်နိုင်ငံရေး အခြေအနေများ နှင့် အုပ်ချုပ်ရေးဆိုင်ရာ အခက်အခဲစိန်ခေါ်မှုများ တင်ပြဆွေးနွေးပြီး တက်ရောက်လာသည့် ကရင် မျိုးဆက်ခေါင်း‌‌ဆောင် လူငယ်များက ဝိုင်းဝန်း အကြံပြုခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အတူ ညီလာခံ တက်ရောက်လာသူများက ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ဌာနချုပ်သို့ သွားရောက်လေ့လာခဲ့ကြပြီး ဗိုလ်ချုပ်ဘိုမြ အထိမ်းအမှတ် အထက်တန်းကျောင်း (General Bo Mya Memorial High School) သို့လည်း သွားရောက်ခဲ့ကြသည်။ ကျောင်းသားလူငယ်များနှင့် တွေ့ဆုံ၍ အတွေ့အကြုံများ မျှဝေခြင်းနှင့် အားပေးတိုက်တွန်းခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

သုံးရက်တာ ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် အဆိုပါ ညီလာခံသို့ KNU ထိပ်ပိုင်း ခေါင်းဆောင်များ၊ ကရင် အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် ဒေသအသီးသီးမှ အလွှာစုံ ကရင်မျိုးဆက်ခေါင်းဆောင်လူငယ်များ စုစုပေါင်းလူဦးရေ (၁၃၀) ကျော် တက်ရောက်ခဲ့ကြသည်။

KILC ညီလာခံကို ၂၀၂၄ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ ကျင်းပခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ဒုတိယအကြိမ်မြောက် ကျင်းပခဲ့သည်။

Photo: KNU