အောက်တိုဘာ (၂) ရက်နေ့၊ ၂၀၂၆ ခုနှစ်၊ ကေအိုင်စီ။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူ/သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းတိုက်ခိုက်မှုများ ယမန်နေ့၊ အောက်တိုဘာ (၁) ရက်နေ့အထိ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံများနှင့်နယ်မြေတာဝန်ရှိသူများထံမှ သိရသည်။
ကေအိုင်စီက နောက်ဆုံးရရှိထားသည့် အချက်အလက်များအရ ပြီးခဲ့သည့် စက်တင်ဘာလ(၃၀)ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ ပလိုခီးကျေးရွာအုပ်စု ကညင်အိုင်ရွာသို့ စစ်အုပ်စု၏ အမှတ်(၃၁၀)အမြှောက်တပ်မှ လက်နက်ကြီး နှစ်လုံး ပစ်ခတ်ခဲ့ရာ ဒေသခံပိုင် ရော်ဘာခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ထိုနေ့ တစ်ရက်တည်းမှာပင် ည (၁၁) နာရီခွဲနှင့် (၁၂) နာရီကြား ထပ်မံ၍ စစ်အုပ်စု၏ခြေမြန်တပ်ရင်း ခမရ-၂၀၇ မှ ဝေါ်ကလော်ကျေးရွာအုပ်စု မဲရုံးကျေးရွာအနီးသို့ ကာမီကာဇေ(အသေခံဒရုန်း) နှစ်စင်း ပစ်ခတ်ခဲ့ရာ လျှပ်စစ်မီးရုံးဘေးနေရာသို့ ကျရောက်ပြီး ပျက်စီးမှုရှိခဲ့သည်ဟုလည်း ကေအဲန်ယူ၊ သထုံခရိုင်ဘက်က ဆိုသည်။

ယင်းနောက် အောက်တိုဘာလ(၁)ရက်နေ့က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်အုပ်စု၏ အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်မှ ဝေါ်ကလော်ကျေးရွာအုပ်စု မဲရုံးကျေးရွာကိုပစ်မှတ်ထားပြီး လက်နက်ကြီး ၂ လုံး ထပ်မံပစ်ခတ်ခဲ့ရာ ရွာအနီးရှိ အရပ်သားပြည်သူလုပ်ငန်းခွင်ထဲတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင်မူ စစ်အုပ်စုကြဲချတိုက်ခိုက်ခဲ့သည့် ဒရုန်းဗုံးကြောင့် ဆောင်နိုင်ကြီးရွာလမ်းဆုံတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းရှိပြီး နှစ်ရက်ဆက်တိုက် ဖြစ်စဥ်အတွင်း အရပ်သားပြည်သူထိခိုက်မှုမရှိခဲ့ဟု နယ်မြေတာဝန်ရှိသူများက ဆိုသည်။
စက်တင်ဘာလအတွင်း စစ်အုပ်စုသည် သထုံခရိုင်တွင် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကို ခပ်စိပ်စိပ်ပြုလုပ်လျက်ရှိရာ လူထိခိုက်သေဆုံးမှုနှင့် အဆောက်အဦးပျက်စီးမှုများရှိခဲ့သည်။ ထိုအထဲတွင် ကျိုက်ထိုမြို့နယ်၌ အရပ်သား(၄)ဦးသေဆုံးပြီး (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူနှင့်ဒေသခံများထံမှ သိရသည်။



















