Home သတင်း အာဏာသိမ်းစစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျုံဒိုးတွင် အရပ်သား ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

အာဏာသိမ်းစစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျုံဒိုးတွင် အရပ်သား ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

10
Photo: KNU

အောက်တိုဘာ ၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် အရပ်သားအမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက ယမန်နေ့(အောက်တိုဘာ ၂) တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်မှ ၃၀ ရက်အထိ အာဏာသိမ်းစစ်တပ်၏ တပ်သစ် အမြှောက် ကုန်းနှင့် အမြှောက်တပ်ရင်း (အမတ-၃၁၂)တို့က နေ့စဉ် လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းကြောင့် အသက် ၇၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးကာ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လက်နက်ကြီးထိမှန်မှုကြောင့် ပြည်သူပိုင် နေအိမ် ၂ လုံးနှင့် ရော်ဘာပင် ၃၅၀ ကျော် ထိမှန် ပျက်စီးခဲ့သည့်အပြင် ဒေသခံများမွေးမြူထားသည့် ဝက်တစ်ကောင်လည်း ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်း စစ်တပ်သည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် (Five-Point Consensus) ကို လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့အရပ်သားပြည်သူများကို လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် အကြမ်းဖက်တိုက်ခိုက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းအပါအဝင် စစ်ရာ ဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိကြောင်းလည်း ကေအဲန်ယူက ထောက်ပြထားသည်။

Photo: KNU