Home သတင်း ကော်သူးလေနယ်မြေ အုပ်ချုပ်ရေးလုပ်ငန်းများတွင် ပညာတတ်လူငယ်များ ပိုမိုပါဝင်လာရန် လိုအပ်

ကော်သူးလေနယ်မြေ အုပ်ချုပ်ရေးလုပ်ငန်းများတွင် ပညာတတ်လူငယ်များ ပိုမိုပါဝင်လာရန် လိုအပ်

22
Photo: KNU

အောက်တိုဘာ (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်သည့် ကော်သူးလေနယ်မြေအတွင်း အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကအားဖြင့် လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်ရှိနေ၍ ပညာတတ်ကရင်လူငယ်များ ပိုမိုပါဝင်နိုင်မှုကအရေးကြီးကြောင်း ကေအဲန်ယူ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၁၆) ရက်မှ (၂၀) ရက်အထိ ကေအဲန်ယူဗဟိုတွင် ပြုလုပ်ခဲ့သည့် တတိယအကြိမ်မြောက် မြို့နယ်အုပ်ချုပ်ရေးခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးနှင့်ပတ်သက်၍ ပဒိုစောကလယ်စေးအား ကေအိုင်စီကသီးသန့်မေးမြန်းရာ၌ ကေအဲန်ယူ၏မြို့နယ်အလိုက် အုပ်ချုပ်ရေးအကောင်အထည်ဖော်မှုဆိုင်ရာ စိန်ခေါ်မှုရှိသည့်အပေါ် ထိုသို့ဆိုထားခြင်းဖြစ်သည်။

“အဓိကကြုံတွေ့နေရတဲ့ စိန်ခေါ်ချက်ကတော့ ပါဝင်ရမယ့်လူအင်အားနဲ့ ပညာတတ်ကရင်လူငယ်တွေ ပါဝင်လာဖို့ လိုအပ်တယ်။ သူတို့ရဲ့အင်အားတွေရရှိမှ ကျနော်တို့ ဆက်အကောင်အထည်ဖော်ဖို့အတွက် အဆင်ပြေချောမွေ့မှာဖြစ်တယ်” ဟု ကေအဲန်ယူပြောခွင့်ရသူက ဆိုသည်။

(၅) ရက်တာ ကျင်းပခဲ့သည့် အဆိုပါအစည်းအဝေးတွင် မြို့နယ်အလိုက် အုပ်ချုပ်ရေး အစီရင်ခံစာများ တင်ပြခြင်း၊ “မဲ့ဝါးကလိုး ကြေညာစာတမ်း” ပါ အခြေခံမူများကို ပြန်လည်သုံးသပ်ခြင်း၊ အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး လက်စွဲစာအုပ်များ အသုံးချရေးနှင့် ကျေးရွာအဆင့် အုပ်ချုပ်ရေးယန္တရားများ ခိုင်မာရေး အပါအဝင် ရှေ့လုပ်ငန်းစဉ် ဆုံးဖြတ်ချက် (၁၁) ချက်နှင့် သဘောထား (၅) ရပ်ကို ချမှတ်ခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် ဒေသအခြေအနေ၊ ပြည်သူ့လိုအပ်ချက်များနှင့် ကိုက်ညီမည့် ကော်သူးလေမြို့ပြစီမံကိန်းလမ်းညွှန်ကို ဆွေးနွေးခြင်း၊ Bottom Up Federalism ချဥ်းကပ်မှုအပေါ်အခြေခံပြီး ကော်သူးလေ အတိုင်ပင်ခံကောင်စီ(KCC)နှင့် အုပ်ချုပ်ရေးကောင်စီ(KGC) လုပ်ငန်းအကောင်အထည်ဖော်နေမှုများကို ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

အုပ်ချုပ်ရာ ခရိုင်(၇)ခု၊ မြို့နယ်ပေါင်း(၂၈)မြို့နယ်၌ အုပ်ချုပ်ရေးလုပ်ငန်းများအုတ်မြစ်ချထားပြီးဖြစ်သည့် ကေအဲန်ယူသည် ၂၀၂၁ ခုနှစ်၊ စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်းတွင် ပိုမိုကျယ်ပြန့်သည့် ကော်သူးလေဖက်ဒရယ်ယူနစ် အုပ်ချုပ်ရေးအဖြစ် ပြောင်းလဲတည်ဆောက်လာနေခြင်းဖြစ်သည်။

ထိုအထဲတွင် KCC, KGC ဖွဲ့စည်းတည်ထောင်ခြင်းအပြင် ဖက်ဒရယ်ယူနစ်များကို ဦးစွာတည်ဆောက်ပြီးမှ ပြည်ထောင်စုတည်ဆောက်မှုနှင့်ချိတ်ဆက်မည့် ချဥ်းကပ်မှုလမ်းကြောင်း တော်လှန်ရေးကာလ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးအခြေခံမူဘောင် ကော်သူးလေပဋိညာဉ် ရေးဆွဲအတည်ပြုခြင်းလည်း ပါဝင်သည်။

ယင်းကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ စစ်ရေးနှင့် နိုင်ငံရေး စသည့် ကဏ္ဍစုံပါဝင်သည့် အနာဂတ်ကော်သူးလေဖက်ဒရယ်ယူနစ်တည်ဆောက်မှုနှင့် တော်လှန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကရင်လူငယ်များအနေဖြင့် မိမိတို့၏ အသိပညာ၊ အတတ်ပညာများကို ရင်းနှီးမြှုပ်နှံပြီး ပူးပေါင်းပါဝင်ကြရန်လည်း ကရင်လူငယ်အစည်းအရုံး-KYO က ဖိတ်ခေါ်တိုက်တွန်းထားသည်။

KYO ဗဟိုတွဲဖက်အတွင်းရေးမှူး (၂) စောအယ်ထီးကော်က “ကရင်တော်လှန်ရေး အောင်မြင်ဖို့နဲ့ ကော်သူးလေ တည်ဆောက်ဖို့အတွက် ကရင်ပညာတတ်၊ ပညာရှင်တွေ အများကြီး လိုအပ်ပြီးတော့ ဒီပညာတတ်တွေဟာလည်း သူတို့ရဲ့ ဘဝတွေကို ကရင့်တော်လှန်ရေးမှာ ရင်းနှီးမြှုပ်နှံဖို့ လိုပါတယ်” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့အာဏာသက်ဆိုးရှည်ရေးအတွက် လူငယ်များ၏ အသက်နှင့် ဘဝများကို စစ်ကျွန်ပြု အသုံးချနေခြင်းကြောင့် လူငယ်များသည် စစ်အုပ်စု၏ အသုံးချခံ မဖြစ်ရေး တွန်းလှန်ကြရန်လိုကြောင်း KYO က ထောက်ပြသည်။

ကေအဲန်ယူအနေဖြင့်လည်း သက်ဆိုင်ရာအုပ်ချုပ်မှုခေါင်းဆောင်များ၏ကျွမ်းကျင်မှုဖြင့် ကော်သူးလေ ရေရှည်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့ရေးရာအုပ်ချုပ်မှုများ တိုးတက်လာရေး အောက်ခြေခိုင်မာအောင်တည်ဆောက်မှုကို ပြီးခဲ့သည့်ရက်ပိုင်းက မျက်နှာစုံညီအစည်းအဝေးမှတဆင့် လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ နယ်မြေအတွင်းအုပ်ချုပ်ရေးတွင် လက်ရှိခေတ်စနစ်နှင့်အညီလေ့လာသင်ယူ ပြောင်းလဲခြင်းနှင့် တာဝန်ယူတာဝန်ခံမှုရှိစွာ လုပ်ဆောင်မည်ဖြစ်သလို အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် တန်းတူညီမျှမှုရှိပြီး အားလုံးပါဝင်နိုင်သည့် ကော်သူးလေကို တည်ဆောက်သွားမည်ဟုလည်း ကေအဲန်ယူက ဆိုသည်။