Home သတင်း ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြင့် အမေရိကန်မှထွက်ခွာရန် အမိန့်ချခံထားရသူ ကရင်အမျိုးသားတစ်ဦးကို ICE ဖမ်းဆီး

ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြင့် အမေရိကန်မှထွက်ခွာရန် အမိန့်ချခံထားရသူ ကရင်အမျိုးသားတစ်ဦးကို ICE ဖမ်းဆီး

19
Photo crd - fox5dc, ICE

အောက်တိုဘာ (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကိုယ်ထိလက်ရောက်ကျူးလွန်သည်ဟု ဆိုကာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကတည်းက ပြည်နှင်အမိန့်ချခံထားရသည့် ပိုလေးအို (Po Lay Oh) အမည်ရှိ ကရင်အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း အမေရိကန်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဆိုင်ရာ အရေးယူမှုဦးစီးဌာန-ICE က စက်တင်ဘာ(၃၀)ရက်နေ့က ကြေညာသည်။

တက်နက်စီပြည်နယ်၊ ဆမားနားမြို့မှာ ၎င်းအမျိုးသားကို ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ပိုလေးအို သည် ပြင်းထန်သော ကိုယ်ထိလက်ရောက်မှုကို အကြိမ်ကြိမ်ကျူးလွန်ခြင်းကြောင့် အမေရိကန်နိုင်ငံမှထွက်ခွာရန် အပြီးသတ်အမိန့်ထုတ်ခံထားရသူလည်း ဖြစ်သည်ဟု ICE က ဆိုသည်။

ICE ၏ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံမှလာသည့် အဆိုပါကရင်အမျိုးသားသည် ၂၀၂၃ ခုနှစ်က ပြည်နှင်အမိန့်ချမှတ်ခံရပြီးနောက်ပိုင်း အမေရိကန်နိုင်ငံအတွင်း တရားမဝင်ဆက်လက်နေထိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ပြည်နှင်ဒဏ်ပေးရေးလုပ်ငန်းစဥ်များ မပြီးမချင်း လတ်တလောတွင် ၎င်းကို ICE ၏ ထိန်းသိမ်းမှုအောက်တွင် ထိန်းသိမ်းထားပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Photo crd – fox5dc, ICE

ICE သည် ပြီးခဲ့သည့်နှစ်များအတွင်း အမေရိကန်နိုင်ငံရောက် ရွှေ့ပြောင်းနေထိုင်သူများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ဖူးပြီး ထိုအထဲတွင် ကရင်ဒုက္ခသည်များလည်း ပါဝင်သည်။

အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ် တရားရုံး၏ အချက်အလက်များအရ ၂၀၁၁ ခုနှစ်က ဒုက္ခသည်အဖြစ် အမေရိကန်ကိုရောက်ရှိလာခဲ့သော Kaw B.H. ဆိုသူ ကရင်လူမျိုး တစ်ဦးသည် ပြည်နယ်အကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျခံပြီးနောက် ၂၀၂၅ ခုနှစ်တွင် ICE ၏ ဖမ်းဆီးထိန်းသိမ်းမှုခံခဲ့ရခြင်းရှိသည်။

ထို့အတူ ၂၀၁၃ ခုနှစ်တွင် ဒုက္ခသည်အဖြစ် အမေရိကန်သို့ ရောက်ရှိလာသည့် အမည်မဖော်ပြထားသော ကရင်အမျိုးသားတစ်ဦးမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရုံးတင်စစ်ဆေးမှုအတွက် သွားရောက်ချိန် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၁၁) ရက်တွင် ICE ၏ ဖမ်းဆီးခံခဲ့ရသည်။

အလားတူ ၂၀၂၄ ခုနှစ်က မိသားစုလိုက် အမေရိကန်ကိုရောက်လာသည့် လေးလသားအရွယ် ကလေးငယ်မိခင်၊ ကရင်ဒုက္ခသည် တာအယ့်ဒိုလား ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၀) ရက်တွင် မင်နီဆိုတာပြည်နယ်၊ စိန့်ပေါလ်မြို့၌ ICE က ဖမ်းဆီးခဲ့ကြောင်းလည်း တရားရုံးအချက်အလက်များအရ သိရသည်။