Home သတင်း ဧရာဝတီတိုင်းက ရေဘေးသင့်ဒေသများသို့ အခမဲ့ သယ်ယူပို့ဆောင်ရေးယာဥ်ဝန်ဆောင်မှု WFP စတင်

ဧရာဝတီတိုင်းက ရေဘေးသင့်ဒေသများသို့ အခမဲ့ သယ်ယူပို့ဆောင်ရေးယာဥ်ဝန်ဆောင်မှု WFP စတင်

14
Photo: WFP

စက်တင်ဘာ (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီးက ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာရောက်ရှိစေရန် ရည်ရွယ်၍ နှစ်ပတ်ကြာမြင့်မည့် အခမဲ့ သယ်ယူပို့ဆောင်ရေးယာဥ် ဝန်ဆောင်မှုကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်(WFP) က စတင်လိုက်ကြောင်း ယမန်နေ့၊ စက်တင်ဘာ(၃) ရက်နေ့က ကြေညာသည်။

အဆိုပါဝန်ဆောင်မှုကို ရေဘေးဒဏ်ဆိုးဆိုးရွားရွားခံစားနေရသည့် လေးမျက်နှာ၊ ရေကြည်နှင့် ငါးသိုင်းချောင်း တို့တွင် ဦးစားပေးအနေဖြင့် စတင်မည်ဖြစ်ပြီး လိုအပ်ချက်အရ တိုးချဲ့သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ကျနော်တို့ရဲ့ ပို့ဆောင်ရေးလမ်းကြောင်းတွေကို မိတ်ဖက်အဖွဲ့အစည်းတွေအသုံးပြုနိုင်အောင် စီစဉ်ပေးလိုက်တဲ့အတွက် အကူအညီအလိုအပ်ဆုံးသူတွေဆီကို စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အမြန်ဆုံးနဲ့ အလုံခြုံဆုံး ရောက်ရှိသွားအောင် ကျနော်တို့အားလုံး လက်တွဲလုပ်ဆောင်နိုင်ကြမှာဖြစ်ပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မိုက်ကယ် ဒန်းဖို့ဒ် က ထုတ်ပြန်ချက်တွင် ပြောသည်။

ကနဦးတွင် ဝန်ဆောင်မှုပေးမည့်အချိန်ကာလကို နှစ်ပတ် သတ်မှတ်ထားသော်လည်း သွားလာပို့ဆောင်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ ဆက်ရှိနေပါက အချိန်ထပ်တိုး ပေးရန်ရှိသည်ဟု WFP က ဆိုသည်။

Photo: WFP

ထို့အပြင် ရေဘေးကယ်ဆယ်ရေးအဖွဲ့အစည်းများအနေဖြင့် စားနပ်ရိက္ခာ၊ ရေနှင့်ဆေးဝါး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး ပစ္စည်းများအပါအဝင် သတ်မှတ်ချက်နှင့်ကိုက်ညီသည့်လူသားချင်းစာနာမှုဆိုင်ရာ ကုန်စည်များအားလုံးအတွက် WFP ၏ ဝန်ဆောင်မှုကိုအသုံးပြုနိုင်မည် ဖြစ်သည်။

WFP သည် ဧရာဝတီရေဘေးကိုကူညီနေသည့် တချိန်တည်းတွင် စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း အရေးပေါ်စားနပ်ရိက္ခာတုံ့ပြန်ရေး အစီအစဥ်ကို စတင်လုပ်ဆောင်နေပြီး ဒေသနှစ်ခုလုံးပေါင်း ရေဘေးသင့်ပြည်သူ (၁၅,၀၀၀)ကို ရိက္ခာထောက်ပံ့ပေးနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တုန်းကလည်း မြန်မာနိုင်ငံရှိ မုန်တိုင်းတိုက်ခတ်မှုနှင့်ရေဘေးဖြစ်ပွားမှုအတွင်း ထိခိုက်နစ်နာခဲ့ရသည့် ဧရာဝတီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်မှာ ရေဘေးသင့်ပြည်သူ သိန်းနှင့်ချီအတွက် WFP က စားနပ်ရိက္ခာအကူအညီများ‌ ထောက်ပံ့ပေးခဲ့သေးသည်။