Home သတင်း ဧက (၄) သိန်းနီးပါးရှိ ကော် (၃၃) ခု ကေအဲန်ယူဗဟို လက်မှတ်ရေးထိုးအတည်ပြု

ဧက (၄) သိန်းနီးပါးရှိ ကော် (၃၃) ခု ကေအဲန်ယူဗဟို လက်မှတ်ရေးထိုးအတည်ပြု

15

စက်တင်ဘာ (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း (၃၈၀,၉၈၄.၁) ရှိ ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာစီမံအုပ်ချုပ်ရေးစနစ်နယ်မြေ “ကော်” (၃၃) ခုကို ကေအဲန်ယူဗဟိုက စက်တင်ဘာလ (၃)ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ လက်မှတ်ရေးထိုးအတည်ပြုလိုက်ကြောင်း သိရသည်။

ကေအဲန်ယူဘက်ကအချက်အလက်များအရ အဆိုပါ “ကော်”(၃၃)ခုတွင် ကေအဲန်ယူ မူတြော်/ဖာပွန်ခရိုင် သံလွင်ငြိမ်ချမ်းရေးဥယျာဉ် ဧရိယာအတွင်း (၁၀)ခု ပါဝင်ပြီး တောအူး/တောင်ငူခရိုင်ရှိ သောသီတောအူး ဌာနေလူမျိုးစုများဥယျာဥ် ဧရိယာတွင် (၂၃)ခု ပါဝင်သည်။

ထိုသို့အတည်ပြုရခြင်းမှာ ဌာနေတိုင်းရင်းသားများ၏ မြေယာပိုင်ဆိုင်ခွင့်ကို ကာကွယ်ရန်၊ သဘာဝပတ်ဝန်းကျင်နှင့် တောတောင်၊ ရေ၊ မြေများ ရေရှည်တည်တံ့အောင်ထိန်းသိမ်းရန်နှင့် ကရင်လူမျိုးတို့၏ မိရိုးဖလာ၊ ရိုးရာယဉ်ကျေးမှု အမှတ်လက္ခဏာများကို မပျောက်ပျက်အောင် ကာကွယ်ရန်ဖြစ်သည်ဟုလည်း ကေအဲန်ယူ-ဗဟိုက ဆိုသည်။

“ဒီလိုအတည်ပြုခြင်းအားဖြင့် ဌာနေလူထုတွေအတွက် သူတို့နယ်မြေမှာ သူတို့ဘာသာစီမံအုပ်ချုပ်ပြီး မိရိုးဖလာအတိုင်း လုပ်ကိုင်စားသောက်နိုင်ဖို့၊ ရိုးရာဓလေ့ထုံးထမ်းတွေကို ထိန်းသိမ်းနိုင်ဖို့ကောင်းကျိုးတွေရှိမယ် “ဟု ကေအဲန်ယူ-ဗဟို လယ်ယာနှင့်စိုက်ပျိုးရေးဌာန တာဝန်ခံ ပဒိုစောလေစေးက ပြောသည်။

“ကော်”အဖြစ် အတည်ပြုလက်မှတ်ရေးထိုးခြင်းကို ကေအဲန်ယူ-ဗဟို၏ လယ်ယာမြေကော်မတီဥက္ကဌ ပဒိုစောအဲ့ကလူစေးက လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်နှင့် ကျေးရွာများကို ပြန်လည်ပေးအပ်သွားမည်ဟုလည်း ဆိုသည်။

အဆိုပါ “ကော်”တစ်ခုစီထဲတွင် မိရိုးဖလာ မြေယာစီမံခန့်ခွဲစနစ် အသုံးပြုခြင်း၊ ရိုးရာခေါင်းဆောင်များ စီမံအုပ်ချုပ်မှုရှိခြင်း၊ မြေယာ၊ တောတောင်၊ သဃံဇာတများကို ဓလေ့ထုံးထမ်း ဥပဒေနှင့်အညီ စီမံအုပ်ချုပ်ထားသည့် အချက်များ ပါရှိသည်။

သို့ရာတွင် ခေတ်အဆက်ဆက်၌ အာဏာရှင်စစ်အစိုးရက ဌာနလူထု နေထိုင်ရာဒေသ၌ ဓလေ့ထုံးထမ်းများကို ကာကွယ်မြှင့်တင်ရန် ငြင်းပယ်ထားခဲ့ခြင်းရှိပြီး ယခု “ကော်”များကိုမူ အောက်ခြေမှ တက်လာသည့် ဌာနေလူထု၏ မိမိကိုယ်ကိုယ်စီမံအုပ်ချုပ်မှု စနစ်ဖြင့်သာ သွားမည်ဟု ပဒိုစောလေစေးက ဖြည့်စွက်ပြောသည်။

ကော်များကိုအတည်ပြုရန်မှာ ကော်သူးလေနယ်မြေထဲရှိ သက်ဆိုင်ရာခရိုင်၊ မြို့နယ် ကျေးရွာအလိုက် နယ်မြေစီမံအုပ်ချုပ်မှု၊ မိရိုးဖလာဓလေ့ထုံးထမ်း ကာကွယ်ထိန်းသိမ်းမှု အခြေအနေနှင့်ပတ်သက်နေပြီး အချက်အလက်နှင့်တကွ တင်သွင်းထားသည့်နေရာ (၃၀၀) ကျော်ရှိသည့်အနက် (၃၃) ခုကိုသာ လက်ရှိတွင် အတည်ပြုနိုင်သေးကြောင်းလည်း ကေအဲန်ယူဘက်က ဆိုသည်။

ကေအဲန်ယူ ဗဟိုသည် ယခု “ကော်”များကို ဒုတိအကြိမ်အဖြစ် သတ်မှတ်အတည်ပြုခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်က တောအူးခရိုင်၌ (၄)ခု၊ မူတြော်ခရိုင်တွင် (၁)ခု၊ စုစုပေါင်း “ကော်” (၅)ခုကို ပထမအကြိမ် အတည်ပြုခဲ့ခြင်းရှိသည်။

ခေတ်သစ် အုပ်ချုပ်ရေးစနစ်မပေါ်ပေါက်ခင်ကတည်းက ဌာနေကရင်လူမျိုးများ၏ မိရိုးဖလာ ရိုးရာဓလေ့နှင့်အညီ ဒေသလယ်ယာမြေစီမံအုပ်ချုပ်ရေးစနစ် တည်ရှိခဲ့ခြင်းဖြစ်ပြီး ထို “ကော်”ထဲတွင် လူနေထိုင်ရာ၊ အမဲလိုက်နေရာ၊ မိရိုးဖလာယုံကြည်ကိုးကွယ်ရာနေရာ၊ သဘာဝတွင်းထွက်နေရာနှင့် တောတောင်ရေမြေ သစ်တောနေရာများပါရှိသည်။