စက်တင်ဘာ ၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်/တပ်မဟာ (၅) နယ်မြေ၊ လူသောမြို့နယ်ရှိ “ထောမူပလဲမဲစခန်း” ခေါ် တပ်စခန်းတစ်ခုမှ စစ်အုပ်စုတပ်သားများသည် စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြောင်း ထိုခရိုင်တာဝန်ရှိသူထံမှ သိရသည်။
တပ်ဖွဲ့ဝင်အင်အား ၇၀ ခန့်ရှိ အဆိုပါ စခန်းမှ စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့ကတည်းက စခန်းစွန့်ခွာထွက်ပြေးခဲ့ကြခြင်းဖြစ်ပြီး ယနေ့ စက်တင်ဘာလ ၈ ရက်နေ့တွင် စခန်းအတွင်း သွားရောက်ရှင်းလင်းမှုများ လုပ်ဆောင်နိုင်ခဲ့သည်ဟု မူတြော်ခရိုင် ပြောခွင့်ရသူ ပဒိုစောထို့ရော်ဘင်က ကေအိုင်စီသို့ ပြောသည်။
၎င်းက ” ပြီးခဲ့တဲ့လနဲ့ အခုလအတွင်း မကြာခဏ သွားရောက်နှောင့်ယှက်ပစ်ခတ်မှုတွေများတော့ သူတို့ ဆက်တောင့်ခံဖို့ မရနိုင်တော့ဘဲ စခန်းစွန့်ခွာထွက်ပြေးသွားတာပါ။ အခုတော့ စခန်းတက်ရှင်းပြီးပြီ။ ဘာပစ္စည်းတွေရလဲဆိုတာကိုတော့ အသေးစိတ် မသိရသေးဘူး” ဟု ပြောသည်။
နှစ်ပေါင်း ၃၀ ကျော် လာရောက်တပ်စွဲထားသည့် အဆိုပါ တပ်စခန်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တစ်ခုဖြစ်သည်ဟု သိရသည်။
ကေအဲန်ယူ မူတြော်ခရိုင်/တပ်မဟာ (၅) နယ်မြေတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းမီက စစ်တပ်စခန်းပေါင်း ၈၀ ကျော် ရှိခဲ့ရာမှ လက်ရှိအချိန်တွင် တပ်စခန်း ၁၀ ခုကျော်သာ ကျန်ရှိတော့သည်ဟု မူတြော်ခရိုင် တာဝန်ရှိသူများထံမှ သိရသည်။


















