“ကျုံပျော်မြို့နယ်မှာတော့ ကူညီမယ့်သူ မရှိဘဲ နောက်ဆုံးကျန်ခဲ့တဲ့ မြို့နယ်ဖြစ်နေတဲ့အတွက် အလှူရှင် အရမ်းနည်းပါးသွားတယ် ” ထီးထာကရင် လူငယ်များပရဟိတဖောင်ဒေးရှင်း ဥက္ကဌ စအိုင်ထီးခန့်
ဧရာဝတီတိုင်းဒေသကြီးတွင် ရေဘေးကူညီရေး လုပ်ဆောင်နေသူ ထီးထာကရင် လူငယ်များပရဟိတဖောင်ဒေးရှင်း ဥက္ကဌ၊ စအိုင်ထီးခန့်နှင့် ဆက်သွယ်မေးမြန်းခြင်း
စက်တင်ဘာ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လမှ စပြီး ငဝန်မြစ် တာကျိုးပေါက်မှုကြောင့် မြို့နယ်အတွင်း ရေဘေးသင့်မှု စတင်ကြုံတွေခဲ့ရပြီး ဩဂုတ်လအစတွင် ပြန်ကျလာသည့် ရေများသည် ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်အစပ်သို့ စီးဝင်နေသဖြင့် လက်ရှိ ကျုံပျော်မြို့နယ်အတွင်း ကျေးရွာအများစုတွင် ရေဘေးသင့်မှု ဆက်လက်ဖြစ်ပွားနေသည်။
ရေဘေးကြုံတွေ့နေရဆဲ ဧရာဝတီတိုင်းရှိမြို့နယ်များ၏လက်ရှိအခြေအနေနှင့်ပတ်သက်၍ ရေဘေးသင့်ပြည်သူများကို တတ်နိုင်သည့် ဘက်မှ သွားရောက်ကူညီပေးနေသော ထီးထာကရင် လူငယ်များပရဟိတဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ စအိုင်ထီးခန့် နှင့် ကေအိုင်စီက ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ လက်ရှိ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့အပါအဝင် ဘယ်မြို့တွေမှာ ရေကြီးရေလွှမ်းမှု ရှိနေသေးလဲ၊ ဒီနေ့အထိ ရေအခြေအနေဘယ်လိုရှိသလဲ။
ဖြေ။ ကျနော်တို့က ဇူလိုင်လ ၃၁ ရက်နေ့မှာ လေးမျက်နှာမြို့နဲ့ အိုင်သပြုဘက်ခြမ်းကို ရှာဖွေကယ်ဆယ်ရေးအတွက် အရင်ဆုံး ရောက်ရှိခဲ့တယ်။ ဇူလိုင် ၃၁ ရက်ည ရေစတင်တက်ချိန်မှာပဲ စက်လှေတွေနဲ့ နေရာရွှေ့ပြောင်းပေးပြီး ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်ခဲ့တယ်။ တောက်လျှောက် ကယ်ဆယ်ရေးလုပ်ဆောင်ရင်း ခမောက်စုကျေးရွာရှိ အာသံကရာမ ဘုန်းကြီးကျောင်းမှာ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။ ငဝန်မြစ်တာဘေးရှိ ကျေးရွာတွေက သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေကို အဲဒီစခန်းကို ရွှေ့ပြောင်းပေးခဲ့တယ်။
ဩဂုတ်လ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ အိုင်သပြုဘက်မှာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ပြီး ၁၀ ရက်နေ့နောက်ပိုင်းမှာ ပြည်တွင်း/ပြည်ပ အလှူရှင်တွေ ပရဟိတအသင်းအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး စနစ်တကျ အစီအစဥ်ဆွဲပြီး လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ်။ ကျနော်တို့ဖောင်ဒေးရှင်းက ဦးဆောင်ပြီး လေးမျက်နှာနှင့် ကျုံပျော်မြို့နယ်အပါအဝင် ကျေးရွာ ၆၀ လောက်ကို ဩဂုတ်လ ၃၁ ရက်နေ့ထိ သွားရောက်လှူဒါန်းခဲ့ပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့မှ လက်ရှိ ၆ ရက်၊ ၇ ရက်နေ့အထိ ကျုံပျော်မြို့မှာ အခြေစိုက်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျုံပျော်မှာ ရေမကျသေးပါဘူး။ ဒီတစ်လအတွင်း ရေအရမ်းကြီးခဲ့ပြီး အခုအချိန်မှာ အလှူရှင်များ နည်းပါးသွားချိန်ဖြစ်တယ်။ ကျုံပျော်က အင်းရဲကျွန်းနှင့် အင်းရဲဘေးရှိ ကျေးရွာတွေမှာ အိမ်ထဲအထိ ရေမြုပ်နေဆဲဖြစ်တဲ့အတွက် ဆက်လက်ကူညီပေးနေတယ်။
မေး။ အဖွဲ့ လက်ရှိ ရောက်နေတဲ့ နေရာဒေသက ရေဘေးမျက်မြင်အခြေအနေကို ပြောပြပေးပါ။ သိသလောက်ဆိုရင် ရေဘေးထဲမှာသေဆုံးတဲ့သူတွေရှိတယ်လို့ ပြောတယ် အဲဒီအခြေအနေလည်း ထည့်ပြောပြပေးပါဦး။
ဖြေ။ ကျုံပျော်ဘက်မှာ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင်တွေ၊ ဒေသခံ ကရင်တိုင်းရင်းသားတွေ ရှိကြတယ်။ ပြီးတော့ ရေတွေ စုနေပြီး အခက်ခဲဖြစ်နေတယ်။ ပြောရမယ်ဆိုရင် အိမ်တွေ တစ်ဝက်လောက်က ရေမြုပ်နေတာကို တွေ့ရတယ်။ အထက်ဘက်ကနေ စီးလာတဲ့ ရေတွေကြောင့် အင်းရဲကျွန်းနှင့် အင်းရဲဘေးမှာ ရှိတဲ့ ရွာတွေ အိမ်ထိ ရေ မြုပ်နေတာ ရှိတယ်။ အဲ့ဒါ ဆက်ပြီး ကူညီ ပေးနေတာ ဒီနေ့ထိ ပေါ့နော်။
လေးမျက်နှာ၊ ဆိပ်ဝနဲ့ အိုင်သပြုဘက်မှာ ကယ်ဆယ်ရေးနဲ့ဝေးကွာတဲ့နေရာက ကလေးတစ်ယောက် သေဆုံးခဲ့ပါတယ်။ ကျနော်တို့အဖွဲ့ စတင်ရောက်ရှိချိန်မှာတော့ ကလေးကို မတွေ့ခဲ့ရပါဘူး။ ၂ ရက်အကြာမှ အလောင်းပေါ်လာခဲ့တာဖြစ်ပြီး ကျနော်တို့ ကွန်ရက်ထဲမှ ရွှေရောင်သစ္စာ ပရဟိတအသင်း က အလောင်းကို သွားရောက်ယူဆောင်ပြီး ဟင်္သာတ သုသာန်ကို ပို့ဆောင်ပြီး နောက် ၂ ရက်မှာ သင်္ဂြိုလ်ပေးခဲ့ရပါတယ်။
မေး။ ရေဘေး ကယ်ဆယ်ရေးစခန်း ဘယ်နှစ်ခု ဖွင့်လှစ်ထားသလဲ။ နေရာထိုင်ခင်း လုံလောက်မှု ရှိပါသလား။
ဖြေ။ ကျုံပျော်မှာ သီးသန့် ရေဘေးစခန်း မရှိပါဘူး။ ပြည်သူတွေက နီးစပ်ရာ အိမ်တွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြပြီးတော့ ရှိတဲ့ အစားအသောက်တွေကို မျှဝေစားသောက်နေကြတယ်။ ဒေသခံ အများစုကလည်း နေ့စား၊ ကူလီနဲ့ လက်လုပ်လက်စား သမားတွေဖြစ်ကြတဲ့အတွက် လုပ်ငန်းခွင်နေရာလည်း ပျက်သွားရတော့ အလုပ်တွေ မရှိကြတော့ဘူး။ အချို့က မျှဝေစားသောက်နေရပြီး ရိက္ခာအလွန် ပြတ်လပ်နေပါတယ်။ အိမ်တွေလုံးဝ ရေမြုပ်သွားတဲ့အတွက် အရမ်းခက်ခဲနေကြတယ်။ ရေဘေးစခန်းသီးသန့်လည်း မရှိနေတော့ နီးစပ်ရာ ကျောင်းတွေမှာပဲ တက်နေကြရတယ်။ မယ်ဇလီကုန်း လမ်းမကြီးအထက် တံခါးချောင်းနဲ့ ဆက်စပ်နေတဲ့ အင်းရဲကျွန်းမှာ ပုံမှန်ဆိုရင် ရေမလျှံဘူး။ အခုက အင်းရဲကျွန်း အပေါက်ငယ်လေးကနေ ရေဝင်ရောက်ပြီး အိမ်ခေါင်မိုးနီးပါးအထိ ရေမြုပ်သွားတဲ့အတွက် ဒေသခံတွေ ရွှေ့ပြောင်းနေထိုင်ရတယ်။ ဒေသခံ အများစုက အလှူခံလေ့မရှိတဲ့အတွက် အသင်းတော်ကနေ လာရောက်လှူဒါန်းပေးမှ အဆင်ပြေအောင် နေထိုင်ကြရတယ်။ အကူအညီမရရှိတဲ့ ဒေသခံတွေကတော့ အခက်အခဲများစွာ ရှိပါတယ်။ ကျေးရွာ ၃၀ ကျော်နဲ့ အုပ်စု ၁၀ အုပ်စု၊ ၂၀ အုပ်စုခန့် ဒုက္ခရောက်ကြပါတယ်။ ကျောင်းကုန်းနှင့် ကျုံပျော်ကြားက သုံးအိမ်တန်း၊ မအူကျောင်း ဘက်အထိ မြစ်ရေလျှံတက်မှုကြောင့် ပေ ၂၀၊ ၃၀ ခန့် ရေတက်သွားပြီး အလွန်ခက်ခဲနေကြပါတယ်။
မေး။ အဲ့ဒီမှာ ရေဘေးသင့်ပြည်သူတွေ အရေအတွက်ကရော မြို့အလိုက်မှာ ဘယ်လောက်ထိရှိနေသလဲ။ အဓိက ဘာတွေလိုအပ်နေတာလဲဆိုတာကို တွေ့ခဲ့ရလဲ။
ဖြေ။ ရေဘေးသင့်သူ ဦးရေက များတာပေါ့။ ကျနော်တို့ စာရင်းကောက်ယူထားတဲ့ ၁၆ ရွာမှာတင် လူဦးရေ ၇,၀၀၀ ကျော်နေပြီး စာရင်းမကောက်ယူနိုင်သေးတဲ့ ရွာပေါင်း များစွာ ကျန်ရှိနေသေးတယ်။ ဆိုတော့ ခန့်မှန်းခြေ လူဦးရေ သန်းနှင့်ချီရှိနိုင်တယ်။
အဓိက လိုအပ်တာကတော့ ဆန်၊ ရိက္ခာ၊ ရေသန့် နဲ့ ဆေးဝါး တို့ ပေါ့နော်။ ရေတွင်း၊ ရေကန်တွေ အကုန် ရေမြုပ်ကုန်တဲ့အတွက် သောက်သုံးရေလည်း အခက်ခဲဖြစ်နေတယ်။ အင်းရဲကျွန်း ချောင်းအတွင်းက ရေတွေလည်း အစိမ်းရောင်ပြောင်းပြီး ညှီနံ့ထွက်နေတော့ ငါးတွေတောင် ချက်ပြုတ်စားသောက်လို့ မရအောင် အနံ့တွေလည်း ဆိုးရွားနေတယ်။
မေး။ အဖွဲ့အနေနဲ့ ရေဘေးသင့်ဒေသတွေက ပြည်သူတွေကို ကူညီဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။ ကြုံတွေ့ရတဲ့အခက်အခဲတွေ ရှိရင်လည်း ပြောပြပါအုံး။
ဖြေ။ အရေးပေါ် အခြေအနေတွေ ကျနော်တို့မှာရှိတဲ့ စက်လှေတွေနဲ့ သွားရောက်ကယ်ဆယ်တာ ဘေးကင်းတဲ့ နေရာတွေမှာ ရွှေ့ပြောင်းပေးတယ်။ လိုအပ်တဲ့ စားနပ်ရိက္ခာတွေ သွားရောက်ပို့ဆောင် ဝေငှပေးတယ်။ အလှူရှင်တွေ တိုက်ရိုက်လာလှူရင်လည်း ပြည်သူတွေနှင့် တိုက်ရိုက်တွေ့ဆုံပြီး စနစ်တကျ လှူဒါန်းနိုင်ဖို့ Volunteer Service အနေနဲ့ ကူညီဆောင်ရွက်ပေးသလို ကျနော်တို့ဆီ တိုက်ရိုက်လှူဒါန်းတဲ့ ပစ္စည်းတွေဆိုရင်လည်း လိုက်လံ ဖြန့်ဝေပေးပါတယ်။
ပြီးတော့ ဒေသတစ်ခု မသွားခင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး စာရင်းဇယားတွေကို အတိအကျ ကောက်ယူ စစ်ဆေးပါတယ်။ စာရင်း မှန်ကန်တိကျပြီ ဆိုမှ အိမ်ထောင်စု အလိုက် အဖွဲ့အစည်း အလိုက် ဒေတာ အချက်အလက်တွေနဲ့ စနစ်တကျ သွားရောက်လှူဒါန်းပါတယ်။
ဒါ့အပြင် ကျနော်တို့က နောက်ပိုင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေအတွက်ပါ တတ်နိုင်သလောက် Proposal (အဆိုပြုလွှာ) တွေ ရေးသားတင်ပြပေးထားတယ်။ ထိခိုက်ပျက်စီးဆုံးရှုံးသွားတဲ့ ကျေးရွာတွေအတွက် တင်ပြပေးခဲ့တယ်။ လက်ရှိ အိုင်သပြုကျေးရွာက အိမ်ခြေ ၂၀၀ ကျော်အတွက် Proposal အောင်မြင်သွားခဲ့ရင်တော့ ပြန်လည်ထူထောင်ရေးအတွက် ပြည့်ပြည့်စုံစုံ ထောက်ပံ့ကူညီမှုတွေ ရရှိတော့မှာ ဖြစ်တယ်ပေါ့နော်။
မေး။ ရေဘေးသင့်ပြည်သူတွေရဲ့ ကျန်းမာရေးအခြေအနေကိုလည်း သိပါရစေ။
ဖြေ။ ရေရှည် ရေထဲမှာ နေရတဲ့အတွက် အရေပြားယားယံတာတွေ ဝမ်းရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေမှာ ပုံမှန် အာဟာရမရရင် အာဟာရချို့တဲ့မှုတွေ ကြုံတွေ့ရနိုင်တယ်။ ရုပ်ပိုင်းရော စိတ်ပိုင်းပါ ခက်ခဲမှုတွေလည်း ရှိလာနိုင်ပါတယ်။ မိုးကုန်ပြီး ရေပြန်ကျမှသာ အခြေအနေတွေ ပုံမှန် ပြန်ဖြစ်လာမှာပါ။
မေး။ ရေဘေးသင့်ဒေသတွေကို ကူညီဖို့ လာရောက်လှူဒါန်းတဲ့ အလှူရှင်အခြေအနေနဲ့ပတ်သက်ပြီး သိပါရစေ။
ဖြေ။ လေးမျက်နှာမြို့မှာတုန်းကတော့ အဖွဲ့ပေါင်း ၅၀၊ ၆၀ ခန့် လာရောက်လှူဒါန်းခဲ့ကြပါတယ်။ ဒါပေမယ့် ကျုံပျော်မြို့နယ်မှာတော့ လမ်းပန်းဆက်သွယ်ရေး ကျသွားတာ ကူညီမယ့်သူ မရှိဘဲ နောက်ဆုံးကျန်ခဲ့တဲ့ မြို့နယ်ဖြစ်နေတဲ့အတွက် အလှူရှင် အရမ်းနည်းပါးသွားတယ်။ ဒါကြောင့် အလှူရှင်တွေအနေဖြင့် တတ်နိုင်သမျှ ဆန်နဲ့ ရေသန့် စသဖြင့် လာရောက်လှူဒါန်းပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။
မေး။ တဆက်တည်းမှာပဲ ရေဘေးနောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ရောဂါ ဒါမှမဟုတ် ဆောင်ရန် ရှောင်ရန်ပေါ့ ကြိုတင်သိထားသင့်၊ လုပ်ဆောင်သင့်တာတွေကို ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးအနေနဲ့ ဘယ်လိုအကြံပြုချင်လဲ။
ဖြေ။ တစ်တချက်အနေနဲ့ အိမ်ထဲ ရေဝင်လာရင် သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေ မသန်စွမ်းတွေနဲ့ မကျန်းမာသူတွေကို အဓိကထားပြီး ဘေးကင်းတဲ့နေရာ မဖြစ်မနေ အရင်ဆုံး ရွှေ့ပြောင်းပါ။ နှစ်တချက်က အိမ်မှာ ကျန်ခဲ့သူတွေအနေနဲ့ ရေကြီးချိန်မှာ ကုန်းပေါ်ကို တက်လာနိုင်တဲ့ မြွေအန္တရာယ်အပြင် တခြား မထင်မှတ်တဲ့ အန္တရာယ်တွေကို ဂရုစိုက်ပါ။ ပြီးတော့ မသန့်ရှင်းတဲ့ရေကြောင့် အရေပြားယားယံတာတွေ ဝမ်းရောဂါတွေ ဖြစ်နိုင်တဲ့အတွက် ကျန်းမာရေးကို အထူးဂရုစိုက်ပါ။ အာဟာရ မချို့တဲ့စေဖို့ ပရဟိတအသင်းတွေဆီ အကူအညီတောင်းခံပါ။ နောက်ဆုံးအနေနဲ့က မိုဘိုင်းဆေးကုသရေးအဖွဲ့တွေ ရောက်လာရင် ကျန်းမာရေး စစ်ဆေးမှုခံယူပါ။ ပြီးတော့ အရေးပေါ် အခြေခံဆေးဝါးတွေကိုလည်း အမြဲ ဆောင်ထားကြဖို့ အကြံပြုချင်ပါတယ်။


















