Home ဆောင်းပါး ဗီဇအသွင်ပြောင်းလာသည့် ကျားဖြန့်သံသရာစက်ဝန်း

ဗီဇအသွင်ပြောင်းလာသည့် ကျားဖြန့်သံသရာစက်ဝန်း

20

ဗီဇအသွင်ပြောင်းလာသည့် ကျားဖြန့်သံသရာစက်ဝန်း

မူ့ဟီ့

(၁၂ စက်တင်ဘာ ၂၀၂၆)

စစ်အာဏာသိမ်းပြီးနောက် သာမန်လူတန်းစားမှာ ကုန်စျေးနှုန်းကြီးမြှင့်လာမှုနှင့်အတူ ၀င်ငွေ သုံးငွေ မျှတစွာ ရပ်တည်လုပ်ကိုင်ရန် မလွယ်ကူပါ။ ပြည်ပနိုင်ငံထွက် အလုပ်လုပ်ရန်လည်း အခက်အခဲ အဟန့်အတား များစွာရှိပြီး ပြည်တွင်းမှာလည်း စစ်မှုထမ်းဉပဒေကြောင့် မလုံခြုံ။ အလုပ်အကိုင်အခွင့်အလမ်း အလွန်ရှားပါးသည့်အတွက် ကျား ဖြန့်လုပ်ငန်းခွင်သည် သာမန်လူတန်းစားအတွက် ရွေးချယ်စရာဖြစ်လာသည်။

ယခင် ကျားဖြန့်လုပ်ငန်းခွင်သည် နှိပ်စက်သည့်နေရာ၊ ရက်စက်ကြမ်းကြုတ်သည့်နေရာဆိုသည့် အတွေးအ ခေါ်များ၊ လုပ်ဆောင်ချက်များသည် ယခုအခါ ခေတ်ဟောင်း ဖြစ်သွားခဲ့သည့်ပမာပင်။ ကနေ့ ကျားဖြန့်ကွန်ရက်လုပ် ငန်းခွင်သည် အလုပ်လုပ်သည့် လူငယ်များကို ပျော်အောင်ထား၊ ကောင်းတာကျွေး၊ လစာကောင်း၊ ဘောနပ်စ်ကောင်း ကောင်းပေးသည့် ပျော်ရွှင်ကျေနပ်စရာကောင်းသည့် ၀န်းကျင်သစ်အနေဖြင့် အသွင်ပြောင်းလာခဲ့သည်။

ယခင်က နှိပ်စက်ညှင်းပမ်းပြီး အတင်းအဓမ္မစေခိုင်းလေ့ရှိသော ကျားဖြန့်ကွန်ရက်များမှာ နိုင်ငံတကာ သတင်း မီဒီယာသို့ ပေါက်ကြားသည်အထိ သတင်းကြီးလာခဲ့ပြီးနောက် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ မြန်မာမှ ကျားဖြန့်ကွန် ရက်ခေါင်းဆောင်များ အဖမ်းခံရခြင်း၊ ပိုင်ဆိုင်မှု အသိမ်းခံရခြင်းနောက်ပိုင်းတွင် ကျားဖြန့်ဂိုဏ်းကွန်ရက်များသည် အကုန်ယူ၊ အကုန်စား စနစ် မသုံးတော့ဘဲ ကျားဖြန့်လုပ်ငန်းလည်ပတ်ပေးနေသော ၀န်ထမ်းများကို ရက်ရောစွာ ပေးကမ်းခြင်း၊ ပုံမှန်လစာအပြင် ဘောနပ်စ်များပေးခြင်း၊ လုပ်ငန်းခွင်၌ ပျော်အောင်ထားခြင်းတို့အပြင် အကျိုးစီးပွား အတွက် သတင်းအချက်အလက် အထူးလျို့၀ှက်ကာ အပြင်မပေါက်ကြားစေခြင်း စသည့်လုပ်ငန်းပုံစံသစ်နှင့် ဆက်လက် ကြီးထွားလည်ပတ်နေသည်။

ကျားဖြန့်ရပ်၀န်းသည် ပိုမို စနစ်ကျလာပြီး ပြည်သူ့စစ်၊ လက်နက်ကိုင်အဖွဲ့များကို မည်သို့ မက်လုံးပေး သိမ်းသွင်း စည်းရုံးရမည်ဆိုသည်ကို ပိုနားလည်လာရန် ကြိုးစားချည်းကပ်ကာ ဒေသအခြေစိုက် လက်နက်ကိုင်အ ဖွဲ့များနှင့်အတူ အကျိုးစီးပွားဆုံရာကို သိမ်းသွင်းစည်းရုံးထားနိုင်ဆဲ၊ ကျားဖြန့်ကွန်ရက်လုပ်ငန်း ပုံစံအသစ်ဖြင့် ဆက်လက်ကြီးထွား လည်ပတ်နေဆဲဖြစ်သည်။

မက်လုံးပေးစည်းရုံးထားသည့် ၀င်ငွေပမာဏ ပိုကောင်းလာသည့်အတွက် သတင်းအချက်အလက် ပေါက် ကြားမှုကို ပိုဂရုစိုက်လာကြပြီး ပိုနှုတ်လုံလာကြသည်။ လူ့အရင်းအမြစ်(HR)ပိုင်း လူသစ်၀န်ထမ်းခေါ်သည့်အခါ Social media များတွင် ကြေငြာခေါ်နေခြင်းထက် လူဟောင်းမှ ချိတ်ဆက်အာမခံသည့်လမ်းကြောင်းနှင့် ကျားဖြန့် လုပ်ငန်းမှာ အရှိန်ကောင်းစွာ လည်ပတ်လျက်ရှိနေသည်။

ကျားဖြန့်လုပ်ငန်း၌ လုပ်ကိုင်နေကြသည့် လူငယ်များသည် ကျားဖြန့်အလုပ်ကို မကောင်းမှန်းသိသော်လည်း မလုပ်သင့်၊ မလုပ်ထိုက်သော အလုပ်ဟု မခံယူကြတော့ပေ။ ကျားဖြန့်လုပ်ငန်းဟူသည် လိမ်လည်သည့် အလုပ်မှန်း သိသော်လည်း ခေတ်ပျက်တွင် လည်သူစားဆိုသည့် အတွေးအခေါ်နှင့် လူငယ်လူရွယ်များအကြား လက်ခံလုပ်ကိုင် လာကြသည်။

ကျားဖြန့်ကြောင့် အကျင့်စာရိတ္တပျက်လာမှန်း လက်ခံသူနည်းလာပြီး ခေတ်ပျက်မှာ ငွေရှာရမည်။ ငွေရှိမှ ရှင် သန်နိုင်မည်ဟူသည့် ယူဆချက်အပြင် ကိုယ့်နိုင်ငံသားအချင်းချင်း လိမ်လည်တာမဟုတ်ဘဲ အခြားနိုင်ငံကိုလိမ်တာ ဆိုသည့်အမြင်များ ရှိလာစေသည်။ ဤလုပ်ငန်းခွင်တွင် လုပ်ကိုင်လာကြသော လူငယ်များက ကျားဖြန့်လုပ်ငန်းသည် ငွေလိမ်လည်ရသည့်အလုပ်ဆိုတာထက် ငွေရှာသည့်အလုပ်ဟု သတ်မှတ်လာကြခြင်းဖြစ်သည်။

ထို့အပြင် ဒေသခံ ကရင်အမျိုးသမီးငယ်များကလည်း တရုတ်အငှားမယား(ငှားရမ်းယူထားသူ ဇနီး)၊ ငွေကြေး တောင့်တင်းသော တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် ဒေသလုပ်ငန်းရှင်များ၏ အပျော်မယား (sponsor မိန်းကလေး)နေရာတွင် ပျော်ရွှင်စွာ လုပ်ကိုင်လာကြသည့် အမျိုးသမီးငယ်များ၏ စီးပွားရေးတစ်ခုလိုဖြစ် လာနေသည်။

ကျားဖြန့် မော်ဒယ်အဖြစ်မှသည် တရုတ်အငှားမယားဘဝ ‌ရောက်သွားခြင်း၊ လစာပုံမှန်ရပြီး ပြည့်စုံစွာနေထိုင် ရန် ထောက်ပံ့မှုရခြင်း၊ ၀န်မပိဘဲ အေးဆေးစွာ နေထိုင်ရသောအခြေအနေရှိသဖြင့် ဒေသခံအမျိုးသမီးငယ်များမှာ ထိုအလုပ်ကို ပျော်ရွှင်စွာ ရွေးချယ်လုပ်ကိုင်လာကြသည်။

နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခ၏ နောက်ဆက်တွဲအဖြစ် အင်အားကောင်းလာသည့် ကျားဖြန့်ရပ်၀န်းမြင်ကွင်း သည် ဆိုးရွားစွာ အကျင့်ပျက် စာရိတ္တပျက်စီးသည့် လူ့အဖွဲ့အစည်းဆီသို့ လျင်မြန်စွာ တွန်းပို့နေပြီး တိုင်းပြည်၏ အရေး အရာ၊ ကဏ္ဍအသီးသီး ဆုတ်ယုတ်ပျက်စီးကာ အကျင့်ပျက်ချစားမှု ပြည့်နှက်နေသည့် ပုံရိပ်ဆိုးနှင့် နလံမထူနိုင်၊ ဖြေရှင်းနိုင်သည့်လမ်းစ မတွေ့နိုင်သေးဘဲ အနာဂတ်မဲ့နေဆဲဖြစ်သည်။

ကျားဖြန့်၏ နောက်ဆက်တွဲ ရလဒ်အနေဖြင့် မိသားစုစား၀တ်နေရေးအတွက် ပြည်ပသို့ သွားရောက်အလုပ် လုပ်ကိုင်သူ မြန်မာနိုင်ငံသားများ ဘဏ်အကောင့်ဖွင့်ခွင့် တင်းကျပ်စိစစ်ခြင်းနှင့် မြန်မာအလုပ်သမားများကို ကျားဖြန့် ပုံရိပ်ဆိုးနဲ့အတူ တွဲမြင်ဆက်ဆံလာကြခြင်းဖြစ်သည်။

ကိုဗစ် ၁၉ ကူးစက်ကပ်ရောဂါကဲ့သို့ပင် ကျားဖြန့်သည် အသွင်ပြောင်းဗီဇ ပြောင်းလဲမှု မြန်ဆန်သည်။ ဒေသခံ ပြည်သူများက အသွင်ပြောင်းကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင် အသက်ရှင်ရသကဲ့သို့ အခြေအနေပေါ် မူတည်ပြီး အသွင် ပြောင်းလဲမှုမြန်ဆန်သည့် ဗီဇပြောင်း ကျားဖြန့်နှင့်အတူ အတူယှဉ်တွဲ နေထိုင်တတ်ရန်သာ ကြိုးစားတော့မည်ဆိုသည့် အသိများလည်းတွေ့မြင်လာရသည်။

ထို့ကြောင့် ကျားဖြန့်မြစ်ပွားနာပြဿနာသည် ကရင်လူမှုအဖွဲ့အစည်းနှင့် မြန်မာ့လူမှုအဖွဲ့အစည်းတွင်းသာမ က ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ့လူမှုအဖွဲ့အစည်းအတွက် ခြိမ်းခြောက်လာမည့် အန္တရာယ်စက်၀န်းကြီးဖြစ်လာနေ သည်။ အခက်အခဲများရှိသော်လည်း Advocacy လုပ်ငန်းများကို ဆက်လက်ကြိုးပမ်းသင့်ပြီး UNODC နှင့် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်သင့်သည်။

လွန်ခဲ့သည့် သုံးနှစ်အတွင်း ဖိလစ်ပိုင်အစိုးရသည် Scam Center များကို အပြင်းအထန် တိုက်ဖျက်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသား ၆၀၀ကျော်ကို Scam Center များမှ ကယ်တင်နိုင်ခဲ့သည်ကိုလေ့လာခြင်းဖြင့် ဖိလစ်ပိုင်အစိုးရ နှင့် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ကြိုးစားသင့်သည်ဟု ရှုမြင်သုံးသပ်မိပါသည်။

မှတ်ချက် – ဤသုံးသပ်ချက်ဆောင်းပါးမှာ စာရေးသူ၏အာဘော်သာ ဖြစ်သည်။