Home သတင်း ကာကွယ်ရေးနှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် မင်းအောင်လှိုင်၏ဗီယက်နမ်ခရီးစဥ်အတွင်း နှစ်နိုင်ငံ သဘောတူ

ကာကွယ်ရေးနှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် မင်းအောင်လှိုင်၏ဗီယက်နမ်ခရီးစဥ်အတွင်း နှစ်နိုင်ငံ သဘောတူ

9
Photo: Việt Nam News

စက်တင်ဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ဗီယက်နမ်ခရီးစဥ်အတွင်း ဗီယက်နမ်နှင့် မြန်မာ၊ နှစ်နိုင်ငံ ဆက်ဆံရေးအဓိကမဏ္ဍိုင်အဖြစ် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း နိုင်ငံတကာသတင်းဌာန ရိုက်တာက ဖော်ပြသည်။

ဗီယက်နမ်အစိုးရ၏တရားဝင်ဖိတ်ခေါ်မှုဖြင့် အာဏာသိမ်းသမ္မတနှင့်ဇနီးတို့ ဟနွိုင်းမြို့သို့ စက်တင်ဘာ(၄)ရက်နေ့က ရောက်ရှိနေခြင်းဖြစ်ပြီး စက်တင်ဘာ(၅)ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ သမ္မတ တိုလမ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ထိုသို့ သဘောတူခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေး၊ လူငယ်အရာရှိများ လဲလှယ်ရေး၊ ကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးနှင့် ဒုစရိုက်မှုများ တားဆီးရန် သတင်းအချက်အလက် မျှဝေရေးတို့ကို ပိုမိုတိုးမြှင့်သွားရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြသည်ဟု ဗီယက်နမ်ဘက်က ထုတ်ပြန်ချက်ကို ကိုးကား၍ ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

“ဗီယက်နမ်နိုင်ငံအနေနဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး လုံခြုံရေး သေချာစေရေးနဲ့ ရေရှည်တည်တံ့တဲ့ တိုးတက်မှု ဖော်ဆောင်ရေးဆိုင်ရာ အတွေ့အကြုံတွေကို မျှဝေဖို့ အသင့်ရှိပါတယ်” ဟု သမ္မတ တိုလမ်က ထုတ်ပြန်ချက်တွင် ပြောသည်။

မြန်မာ-ဗီယက်နမ် ဆက်ဆံရေးသည် တရားဝင်အားဖြင့် ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးကို အခြေခံပြီး မိုင်တဲလ် တယ်လီကွန်လုပ်ငန်းကဲ့သို့ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မှု ရှိနေသည်။

ယင်းဆက်ဆံရေးမှတဆင့် ဗီယက်နမ်က စစ်အုပ်စုအား နည်းပညာ၊ စီးပွားရေးနဲ့ လုံခြုံရေးပိုင်းမှ အထောက်အပံ့ပေးနေကြောင်း လေ့လာသုံးသပ်သူများက ရှုမြင်ကြသည်။

Photo: Việt Nam News

“တစ်ခုသိထားဖို့ကတော့ ဗီယက်နမ်မှာ ဗီယက်နဲ့စတဲ့ဟာတွေဆိုရင် အဲဒါစစ်တပ်ပိုင်တာဗျ၊ ဗီယက်တဲက ကျနော်တို့ဆီက မိုင်တယ်နဲ့တယ်လီကွန်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုရှိတာပေါ့ နောက်မော်တော်ကားထုတ်တဲ့ကိစ္စတို့ ကျန်တဲ့နယ်ပယ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ဖြစ်လာတာပေါ့” ဟု ISP Myanmar ၏ ပြည်ပဆက်ဆံ ဆက်သွယ်ရေးဒါရိုက်တာ ဦးအောင်သူငြိမ်းက မှတ်ချက်ပေးသည်။

ထို့အတူ မင်းအောင်လှိုင်သည် ခရီးစဥ်အတွင်း ဗီယက်နမ်၊ မြောက်ပိုင်းရှိ လျှပ်စစ်ကားထုတ်စက်ရုံနှင့် မိုင်တဲလ်၏ ဗီယက်နမ်ဘက်က အဓိကပါတနာ Viettel ဆက်သွယ်ရေး လုပ်ငန်းစုများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး နည်းပညာနှင့် စက်မှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားခဲ့ကြောင်းလည်း ရိုက်တာမှ သိရသည်။

အတုအယောင်ရွေးကောက်ပွဲမှ သမ္မတဖြစ်လာသူ မင်းအောင်လှိုင်က အာဆီယံနှင့် ဆက်ဆံရေးပြန်လည်နီးစပ်ရန်၊ ပူးပေါင်းဆောင်ရွက်ရန်နှင့် ဒေသတွင်းတည်ငြိမ်ရေးကို တောက်လျှောက် အလေးပေးပြောဆိုခဲ့ခြင်းရှိသည်။

ထိုနောက်တွင် တရုတ်နှင့် ရုရှား အပါအဝင်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် စသည့် အာဆီယံနိုင်ငံများသို့ ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာခဲ့ပြီး ဆက်ဆံရေးတိုးချဲ့ခဲ့သည်။

Photo: Việt Nam News

စစ်ခေါင်းဆောင်၏ရည်ရွယ်ချက်အပေါ် ဦးအောင်သူငြိမ်းက “အာဆီယံတစ်ခုလုံးက ပြန်လက်မခံနိုင်သေးတဲ့အနေအထားရှိတော့ တစ်နိုင်ငံချင်း သူလိုက်ချဥ်းကပ်နေတာတွေ့ရတယ်။ အင်ဒိုနီးရှားတို့ဘာတို့လည်း ဖိတ်မယ်လို့ယူဆရတယ် အဲ့ဒီလိုမျိုးနဲ့အာဆီယံထဲမှာ တဖြည်းဖြည်းချဥ်းကပ်သွားမယ်လို့ ယူဆရတယ်” ဟု ဖြည့်စွက်သုံးသပ်သည်။

ထို့အပြင် ရိုက်တာ၏ဖော်ပြချက်အရ ပြီးခဲ့သည့် ဗီယက်နမ်ခရီးစဥ်တွင် မည်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုမျှ အခြားတစ်နိုင်ငံအား ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပြုလုပ်ရန်နှင့် နိုင်ငံပိုင်နယ်မြေကို အသုံးပြုခွင့်မပြုရန် နှစ်ဖက်စလုံးက ကတိကဝတ်ပြုခဲ့ကြကြောင်းလည်း သိရသည်။

ဆွေးနွေးပွဲ သဘောတူ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ဗီယက်နမ်ဘက်ခြမ်းမှ လေ့လာသုံးသပ်သူများကမူ ဗီယက်နမ်နိုင်ငံ၏လုံခြုံရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန် နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းထားခြင်းဖြစ်ပြီး မြန်မာစစ်အုပ်စုကို ထောက်ခံခြင်းမဟုတ်ကြောင်း ရှုမြင်နေကြသည်။

ထို့အတူ စစ်ခေါင်းဆောင်သည် လာမည့် စက်တင်ဘာ(၁၁) ရက်နှင့် (၁၂) ရက်နေ့တို့တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ခရီးစဥ်သွားရောက်ရန် ရှိနေကြောင်း အာဆီယံဒေသတွင်းသတင်းများအရ သိရသည်။