Home သတင်း ဗီယက်နမ် အစိုးရက မင်းအောင်လှိုင်ကို တရားဝင်ခရီးစဥ် ဖိတ်ခေါ်မှု JFM ရှုတ်ချ

ဗီယက်နမ် အစိုးရက မင်းအောင်လှိုင်ကို တရားဝင်ခရီးစဥ် ဖိတ်ခေါ်မှု JFM ရှုတ်ချ

15
Photo: Getty Image, MOI

စက်တင်ဘာ (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင်ခရီးစဥ်အဖြစ် နိုင်ငံသို့ဖိတ်ကြားခဲ့သည့် ဗီယက်နမ်အစိုးရ၏ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း Justice for Myanmar (JFM)က ယမန်နေ့၊ စက်တင်ဘာ(၃)ရက်ဖြင့် တုံ့ပြန်သည်။

ဗီယက်နမ်သမ္မတနှင့်ဇနီးတို့၏ဖိတ်ကြားချက်ဖြင့် မင်းအောင်လှိုင်နှင့် သူ၏ဇနီးတို့သည် ယနေ့ စက်တင်ဘာ(၄)ရက်နေ့မှ (၆)ရက်နေ့အထိ ဗီယက်နမ်နိုင်ငံသို့ တရားဝင်သွားရောက်မည်ဖြစ်ပြီး ဗီယက်နမ်အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံမှုအပြင် စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံရန် ရှိနေသည်။

မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ပါ ဆက်လက်တက်ရောက်သွားမည့် အာဏာသိမ်းသမ္မတ၏ခရီးစဥ်သည် စစ်အုပ်စုကို စစ်ဘက်ဆိုင်ရာပစ္စည်းထောက်ပံ့မှုအပါအဝင် နှစ်ဖက် စီးပွားရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးများ ပိုမိုခိုင်မာစေနိုင်ကြောင်း JFM က ထောက်ပြသည်။

“တရားမဝင်စစ်အုပ်စုကို မှားယွင်းတဲ့ တရားဝင်မှုပေးအပ်ဖို့ ဗီယက်နမ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်နဲ့ စီးပွားရေးပတ်သက်မှုတွေကတစ်ဆင့် စစ်အုပ်စုနဲ့ ကြံရာပါပတ်သက်နေမှုကို ပိုမိုနက်ရှိုင်းလာအောင် လုပ်ဆောင်နေမှုတွေအပေါ် ရှုတ်ချပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

မင်းအောင်လှိုင်ကို ခရီးစဥ်ဖိတ်ကြားမှုကြောင့် ဗီယက်နမ်အစိုးရအနေဖြင့် စစ်အုပ်စုကို တရားဝင်မှု ပေးအပ်ရာရောက်သလို စီးပွားရေးဆိုင်ရာဆက်ဆံရေးများမှ စစ်အုပ်စု၏စစ်ရာဇဝတ်မှုကျုးလွန်နေခြင်းကို ကျောထောက်နောက်ခံပေးရာ ရောက်သည်ဟု ဆိုသည်။

ထို့အပြင် အရပ်သားများကို သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်းနှင့် နေရပ်စွန့်ခွာရွှေ့ပြောင်းစစ်ရှောင်ရသည့်အခြေအနေများ၏ တရားခံ စစ်အုပ်စုကို အထောက်အပံ့ပေးနေခြင်းဖြစ်ပြီး ဒေသအတွင်း မတည်ငြိမ်မှုကို ပိုမိုဖြစ်ပေါ်စေကြောင်းလည်း JFM က ထောက်ပြထားသည်။

Photo: Getty Image, MOI

ထုတ်ပြန်ချက်တွင် ဗီယက်နမ်အစိုးရအနေဖြင့် စစ်အုပ်စုထံ စစ်ဘက်ဆိုင်ရာ၊ နည်းပညာ၊ ငွေကြေးအထောက်အပံ့များ ပေးနေခြင်းမှ ချက်ချင်းရပ်တန့်ရန်နှင့် စစ်ရာဇဝတ်မှုများတွင် ကြံရာပါအဖြစ်ကို အဆုံးသတ်ရမည်ဟု ဆိုသည်။

ထို့အပြင် ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့သည်လည်း စစ်အုပ်စုနှင့်ဆက်ဆံရေးရှိသည့် ဗီယက်နမ်ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်အရေးယူရန် JFM က ထည့်သွင်းတောင်းဆိုသွားသည်။

ဗီယက်နမ်သည် စစ်အုပ်စုကို ဆယ်စုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်အမြတ် ရရှိစေသည့် Mytel ဆက်သွယ်ရေးလုပ်ငန်းဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကြီးမားစွာ ထည့်ဝင်ထားသူဖြစ်သည်။

ထို့အပြင် Mytel ၏ နည်းပညာများမှတဆင့် စစ်အုပ်စုကို ဆက်သွယ်ရေးအကူအညီပေးနေသလို ပြည်သူလူထုကို ခြေရာခံရာတွင်ပါ အထောက်အကူပြုနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ ပြီးခဲ့သည့် ဩဂုတ်လအတွင်း မင်းအောင်လှိုင်က ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံမှုတွင် Mytel အပါအဝင် ဗီယက်နမ်၏စီးပွားရေးလုပ်ငန်းများကို ဆက်လက်ထောက်ခံပြီး ဆက်သွယ်ရေးကဏ္ဍတွင် ထပ်မံရင်းနှီးမြှုပ်နှံရန် ကူညီမည်ဟု ကတိပြုခဲ့ခြင်းလည်းရှိသည်။