Home သတင်း ထိုင်းနိုင်ငံ၊ ပတ္တယားသို့ ရောက်ရှိလာသည့် အမေရိကန်စစ်သားများကို ဆေးခြောက်ဆိုင်များသို့ သွားရောက်ခွင့် ပိတ်ပင်

ထိုင်းနိုင်ငံ၊ ပတ္တယားသို့ ရောက်ရှိလာသည့် အမေရိကန်စစ်သားများကို ဆေးခြောက်ဆိုင်များသို့ သွားရောက်ခွင့် ပိတ်ပင်

16
Photo: AFP

စက်တင်ဘာ (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ လေမ်ချာဘန် ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် အမေရိကန် စစ်သင်္ဘောကြီး USS Abraham Lincoln ပေါ်ပါ အမေရိကန်စစ်သားများ ပတ္တယားသို့ ၅ ရက်ကြာ သွားရောက်အပန်းဖြေနေစဉ် ဆေးခြောက်ဆိုင်များ သွားရောက်ခွင့်ကို အမေရိကန် စစ်ဘက်ဆိုင်ရာ အာဏာပိုင်များက လုံးဝပိတ်ပင်ထားကြောင်း ထိုင်းသတင်းများမှ သိရသည်။

အဆိုပါ လေယာဉ်တင် စစ်သင်္ဘောကြီးသည် ပင်လယ်ပြင်စစ်ဆင်ရေး ရက်ပေါင်း(၂၈၀)ကျော်အတွင်း ပထမဆုံးအကြိမ် ကမ်းကပ်နားခိုခြင်းဖြစ်ပြီး သင်္ဘောပေါ်ပါ စစ်သားများနှင့် မရိန်းတပ်ဖွဲ့ဝင် ၅,၀၀၀ ခန့်မှာ အပန်းဖြေရန် စက်တင်ဘာ(၂)ရက်နေ့က ပတ္တယားသို့ရောက်လာကြခြင်းဖြစ်သည်။

သို့ရာတွင် အမေရိကန် စစ်ဘက်ဆိုင်ရာ အာဏာပိုင်များက ၎င်းတို့တပ်ဖွဲ့ဝင်များ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအတွက် ဆေးခြောက်ဆိုင်များသို့ ဝင်ရောက်ခွင့် ပိတ်ပင်ထားသည်။

ထို့အပြင် Jet skiing (မော်တော်သုံးရေယာဥ်ကစားနည်း)နှင့် Parasailing(လေထီးစီးကစားနည်း)ကဲ့သို့ အန္တရာယ်များသည့် ရေပြင်အားကစားများ ပြုလုပ်ခြင်းကိုပါ ခွင့်မပြုထားကြောင်း သတင်းများကဖော်ပြသည်။

ထို့အပြင် ညဘက် လည်ပတ်သူများအနေဖြင့် နံနက် ၂ နာရီထက် နောက်မကျဘဲ တည်းခိုရာ ဟိုတယ်များသို့ ပြန်လည်ဝင်ရောက်ရမည်ဖြစ်ပြီး အချို့သော ဖျော်ဖြေရေးနေရာများကိုလည်း အချိန်အကန့်အသတ်ဖြင့်သာ သွားရောက်ခွင့်ပြုထားသည်။

Photo crd : AFP

ယင်းကန့်သတ်ချက်များမှာလည်း ပတ္တယားမြို့တော်ဘက်က ထုတ်ပြန်ခြင်းမဟုတ်ဘဲ အမေရိကန် စစ်ဘက်ဆိုင်ရာ အာဏာပိုင်များဘက်က တပ်ဖွဲ့ဝင်များ၏ ဘေးကင်းလုံခြုံရေးအတွက် သတ်မှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းစစ်သင်္ဘောကြီးသည် ပြီးခဲ့သည့် နိုဝင်ဘာလက ကယ်လီဖိုးနီးယားမှ ထွက်ခွာလာပြီး တောင်တရုတ်ပင်လယ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ရာမှ ဖေဖော်ဝါရီလတွင် အမေရိကန်-အစ္စရေး စစ်ပွဲမဖြစ်ပွားမီ အရှေ့အလယ်ပိုင်းဒေသသို့ လမ်းကြောင်းပြောင်း တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

ပင်လယ်ပြင်တွင် ရက်ပေါင်း ၂၈၀ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ရသဖြင့် စစ်သည်များ၏ နေထိုင်ရေးနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ခက်ခဲမှုများရှိခဲ့ကြောင်း အမေရိကန် သတင်းများက ဖော်ပြသည်။

ပတ္တယားမြို့တော် တာဝန်ရှိသူများကမူ အမေရိကန်စစ်သားများ ရောက်ရှိလာခြင်းကြောင့် မြို့တွင်း အခြားခရီးသွားများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ကန့်သတ်ချက် တစ်စုံတစ်ရာ မရှိဘဲ ပုံမှန်အတိုင်း လည်ပတ်နိုင်ကြောင်းနှင့် စစ်သည်များ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။

Photo crd : AFP