Home သတင်း ထိုင်းနိုင်ငံတွင် နှစ်စဉ် HIV ကူးစက်မှုအသစ်များ၏ ၃ ပုံ ၁ ပုံမှာ လူငယ်များဖြစ်နေ

ထိုင်းနိုင်ငံတွင် နှစ်စဉ် HIV ကူးစက်မှုအသစ်များ၏ ၃ ပုံ ၁ ပုံမှာ လူငယ်များဖြစ်နေ

62
Photo & Reference: Nation Thailand

စက်တင်ဘာ (၁၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံတွင် နှစ်စဉ် HIV ရောဂါပိုး ကူးစက်ခံရမှုဖြစ်စဉ်အသစ်များ၏ ၃ ပုံ ၁ ပုံခန့်မှာ အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ လူငယ်များ ဖြစ်နေကြောင်း ထိုင်းနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဌာန၏ အချက်အလက်များကို ကိုးကား၍ ထိုင်းမီဒီယာများက ဖော်ပြသည်။

ထိုင်းနိုင်ငံအတွင်း HIV ရောဂါပိုး ကူးစက်ခံထားရသူ စုစုပေါင်း ၅ သိန်းကျော်ရှိပြီး ယင်းအနက် ၁ သောင်းကျော်မှာ ကူးစက်မှုဖြစ်စဉ်အသစ်များ ဖြစ်သည်ဟု ၂၀၂၆ ခုနှစ် တတိယသုံးလပတ် ထိုင်းနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက ထုတ်ပြန်ချက်ထားခြင်းဖြစ်သည်။

ထိုကူးစက်မှုအသစ်များ၏ ၃ ပုံ ၁ ပုံမှာ လူငယ်များ ဖြစ်၍ အထူးသဖြင့် LGBTQ+(လိင်စိတ်ခံယူမှုကွဲပြားသူ)အသိုင်းအဝိုင်းအတွင်း ကူးစက်ပျံ့နှံ့မှုနှုန်း မြင့်မားနေဆဲဖြစ်သည်ဟု ဆိုသည်။

ယင်းအချက်က ၂၀၃၀ ခုနှစ် ပြည်သူ့ကျန်းမာရေး ရည်မှန်းချက်ဖြစ်သော နိုင်ငံလုံးဆိုင်ရာ AIDS ရောဂါ ပပျောက်ရေးအတွက်လည်း စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေသည်။

သို့ရာတွင် ယခင်က ထိုင်းနိုင်ငံတွင် နှစ်စဉ် HIV ကူးစက်မှုအသစ် ၁ သိန်းကျော်အထိ ရှိခဲ့ဖူးသော်လည်း ယခုအခါ နှစ်စဉ် ကူးစက်မှုအသစ် သောင်းဂဏန်းအထိ သိသိသာသာ လျော့ကျသွားခဲ့သည်ဟု AIDS Healthcare Foundation (AHF) ဒါရိုက်တာ မစ္စတာ ခရစ်တီဆမ် အာယာဝန်ချိုင် ၏ ပြောကြားချက်ကို ထိုင်းသတင်းများက ဖော်ပြသည်။

AHF ၏ မြေပြင်လုပ်ငန်းများတွင် အဓိက ဖော်ထုတ်တွေ့ရှိချက်အရ ကူးစက်မှုဖြစ်စဉ်အသစ်များ၏ ၉၆ ရာခိုင်နှုန်းသည် အကာအကွယ်မဲ့ လိင်ဆက်ဆံမှုနှင့် ဆက်စပ်နေကြောင်းလည်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံတွင် HIV ရောဂါပိုး ကာကွယ်ရေးနှင့် ကုသရေးကိစ္စရပ်များ၌ တိုးတက်မှုရှိခဲ့သော်လည်း လူမှုအသိုင်းအဝိုင်း၏ ခွဲခြားဆက်ဆံမှု၊ မိမိတွင် ရောဂါပိုး ရှိ/မရှိ အသိပညာနည်းပါးမှု၊ ကျန်းမာရေးအသိနှင့် လိင်မှုဆိုင်ရာ အမူအကျင့်များအကြား ကွာဟမှုများ ရှိနေသေးသည်ဟု ဆိုသည်။

လူအများသည် HIV/AIDS ဆိုင်ရာ အချက်အလက်များ ပေးရုံမျှဖြင့် မလုံလောက်ဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု၏ အန္တရာယ်ကို သိရှိထားကြသော်လည်း ယင်းအသိကို လက်တွေ့ကာကွယ်သည့် အမူအကျင့်အဖြစ် ပြောင်းလဲရန် အားနည်းနေသေးကြောင်း မစ္စတာ ခရစ်တီဆမ်က ထောက်ပြသည်။

ထိုင်းကျန်းမာရေးဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း HIV ကူးစက်မှု ကာကွယ်ရေး နည်းလမ်းများကို တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး ကူးစက်ခံရနိုင်ခြေကို လျှော့ချပေးသည့် ကြိုတင်ကာကွယ်ဆေးများကို အသုံးပြုလျက်ရှိကြောင်း သိရသည်။

ကူးစက်ရောဂါထိန်းချုပ်ရေး ကျန်းမာရေးဌာန ၉ ခု၌ လာမည့်၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် လူဦးရေ ၂,၄၀၀ ကို စမ်းသပ်စီမံချက်အဖြစ် ကာလရှည်ခံ ထိုးဆေး စတင်အသုံးပြုနိုင်ရန်လည်း ပြင်ဆင်နေသည်ဟု ဆိုသည်။

AHF ကမူ အဆိုပါထိုးဆေးသည် HIV ကူးစက်မှုကို ကာကွယ်ပေးနိုင်သော်လည်း အခြား လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို ကာကွယ်ပေးနိုင်ခြင်း မရှိကြောင်း သတိပေးထားသည်။

ယင်းကြောင့် HIV ကုသမှုများအပြင် ကာကွယ်ရေးနှင့် ရောဂါစစ်ဆေးရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်ရန် လိုအပ်ကြောင်း၊ လူငယ်များနှင့် လူမှုစီးပွား အခက်အခဲရှိသူများထံ ရောက်ရှိရန် ဒီဂျစ်တယ် နည်းပညာများကို အသုံးပြုသင့်သည်ဟု မစ္စတာ ခရစ်တီဆမ်က အကြံပြုသည်။

ထို့အတူ အသိပညာပေးလုပ်ငန်းများ အားကောင်းရေး၊ ရန်ပုံငွေ ပိုမိုခွဲဝေပေးရေးနှင့် ဝန်ဆောင်မှုများလွယ်ကူအောင် ဆောင်ရွက်ပေးနိုင်ပါက ၂၀၃၀ ပြည့်နှစ် AIDS ပပျောက်ရေး ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်းလည်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။