Home သတင်း ကမ္ဘာ့ဆရာများနေ့အထိမ်းမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲဝင်ရန် KTWG ဖိတ်ခေါ်

ကမ္ဘာ့ဆရာများနေ့အထိမ်းမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲဝင်ရန် KTWG ဖိတ်ခေါ်

19
Photo: KTWG

စက်တင်ဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အနေဖြင့် ကော်သူးလေဒေသရှိ ဆရာ၊ ဆရာမများကို ဂုဏ်ပြုရန် ကရင်ဘာသာစာစီစာကုံးနှင့် ကဗျာပြိုင်ပွဲဝင်များကို ကရင်ဆရာများအလုပ်အဖွဲ့ (Karen Teacher Working Group-KTWG )မှ ဖိတ်ခေါ်နေကြောင်း သိရသည်။

ကော်သူးလေဒေသရှိ ကျောင်းဆရာ၊ ဆရာများကို ဂုဏ်ပြုပေးရန်အတွက်သာမက ကရင်စာ၊ ကရင်ဘာသာစကားကို ဖော်ထုတ်မြှင့်တင်ရန်အတွက်လည်း အဆိုပါ စာစီစာကုံးနှင့်ကဗျာ ပြိုင်ပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း KTWG ဘက်က ဆိုသည်။

“အခက်အခဲတွေကြားက ပေးဆပ်နေရတဲ့ ကျောင်းဆရာ၊ ဆရာမ တွေအားလုံးကို ဂုဏ်ပြုချင်တာဖြစ်တယ်။ ပြီးရင် ကော်သူးလေဒေသက ကျောင်းသူ၊ ကျောင်းသားတွေ ဆရာ၊ ဆရာမတွေ ကြုံတွေ့နေရတဲ့အခြေအနေ၊ ခံယူချက်တွေကိုလည်း သိသွားမယ်” ဟု KTWG ၏ ဆက်သွယ်ရေးတာဝန်ခံ နော်စရီးနာက ပြောသည်။

ပြိုင်ပွဲဝင်များအနေဖြင့် ကော်သူးလေဒေသရှိ ကျောင်းဆရာ၊ ဆရာမများကို ကျောင်းသူ၊ ကျောင်းသားများဘက်မှ မြင်သည့်အမြင်၊ ပေးဆပ်နေရသည့်အခြေအနေ စသည့် အကြောင်းအရာများဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး စာမူများကို စက်တင်ဘာ (၁၀) ရက်နေ့မှ (၂၅) ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

Photo: KTWG

ဆုကြေးကို (၁၀၀၀) ဘတ်မှစ၍ (၃၀၀၀) ဘတ်အထိ ပေးအပ်ရန်ရှိသလို ဆုရရှိသူစာရင်းကိုလည်း အောက်တိုဘာလ (၂) ရက်နေ့တွင် ကြေညာပေးမည်ဟု KTWG က ဆိုသည်။

ကော်သူးလေ ကျောင်းဆရာ၊ ဆရာမများ ကြုံတွေ့နေရသည့် အခြေအနေကို ဖော်ထုတ်ရေးသားခြင်းအားဖြင့် သိရှိနားလည်လာရန် KTWG မှ ယခုနှစ်တွင် ပထမဦးဆုံးအကြိမ် ပြိုင်ပွဲကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ကျောင်းဆရာ၊ ဆရာမများအပါအဝင် ၉ တန်းမှ ၁၀ တန်းအထိ ကျောင်းသူ၊ ကျောင်းသားများအားလုံး ဝင်ရောက်ယှဉ်ပြိုင်၍ရကြောင်းလည်း ထုတ်ပြန်ထားသည်။

လက်ရှိ ကော်သူးလေဒေသထဲတွင် နိုင်ငံတကာ ထောက်ပံ့မှုအကူအညီလျော့ကျလာခြင်းနှင့် ကျောင်းသူ၊ ကျောင်းသားဦးရေ များလာသည့်အတွက် ကျောင်းဆရာ၊ ဆရာမများကို ထောက်ပံ့နိုင်ရန်အပါအဝင် ကရင်စာသင်ကျောင်းများအတွက် ရံပုံငွေလိုအပ်ချက် အလွန်ကြီးမားနေခြင်းရှိသည်။

ထို့ကြောင့် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD နှင့် KTWG တို့က ကော်သူးလေကျောင်းဆရာ၊ ဆရာမများ ထောက်ပံ့ရေးရန်ပုံငွေ ရှာဖွေသည့် ကမ်ပိန်းတစ်ခု ပြုလုပ်ခဲ့သော်လည်း ကမ်ပိန်းတားဂတ်ကိုပြည့်မီရန် (၈၀)ရာခိုင်နှုန်း လိုအပ်ချက်ရှိနေသေးကြောင်း ကရင်ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။