Home သတင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု လွတ်မြောက်သူများကိုကာကွယ်ပေးရန် တရားရေးစနစ် ပျက်ကွက်ဟု SWAN ထောက်ပြ

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု လွတ်မြောက်သူများကိုကာကွယ်ပေးရန် တရားရေးစနစ် ပျက်ကွက်ဟု SWAN ထောက်ပြ

22
Photo: SWAN

ဇူလိုင်၊ (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်ထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာနှင့် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု(SGBV) ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေပြီး ရှင်သန်လွတ်မြောက်လာသူများကို အကာအကွယ်ပေးရန် တရားရေးစနစ်မှာမူ အားနည်းနေသည်ဟု ရှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း(SWAN)က ဖော်ပြသည်။

ရှမ်းပြည်နယ်တွင် SGBV ဆိုင်ရာကျူးလွန်မှုများ ကျယ်ပြန့်စွာ ဖြစ်ပွားနေမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု အားနည်းချက်များကို ထောက်ပြထားသည့် ယနေ့၊ ဇူလိုင်လ (၃၀)ရက်နေ့ထုတ် “တရားမျှတမှု ငြင်းပယ်ခံရခြင်း” အစီရင်ခံစာတွင် SWAN က ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

အစီရင်ခံစာအရ ရှမ်းပြည်နယ်ထဲတွင်ဖြစ်ပွားခဲ့သော SGBV ဖြစ်စဉ်ပေါင်း (၁၇၂) မှုကို စာရင်းကောက်ယူမှတ်တမ်းတင်ထားပြီး ၈၉ ခု(၅၁.%) သည် ခင်ပွန်း၊ ချစ်သူရည်းစားမှ ကျူးလွန်သည့် အကြမ်းဖက်မှုများဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် စစ်အုပ်စုတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ(EROs) အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်များ ကျူးလွန်မှုသည် (၁၅) ရာခိုင်နှုန်း ပါဝင်နေကြောင်း အစီရင်ခံစာက ဖော်ပြသည်။

သို့ရာတွင် ကျူးလွန်ခံရမှုမှ လွတ်မြောက်လာသူအများစုမှာ ခြိမ်းခြောက်မှုခံရခြင်း၊ ဖြစ်စဉ်များကို ဖုံးကွယ်ဖျောက်ဖျက်ခံရခြင်းများရှိသည့်အပြင် ကျူးလွန်သူများမှာ အပြစ်ပေးအရေးယူခံရမှုမရှိဘဲ လွတ်မြောက်နေသည့်အတွက် ပိုမိုမြင့်မားသည့် အန္တရာယ်ဖြစ်စေသည်ဟု SWAN အဖွဲ့က ဆိုသည်။

အဖွဲ့၏ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းစဉ် တာဝန်ခံ Hseng (ဆိုင်)က ”ရှင်သန်လွတ်မြောက်လာသူတွေဟာ အကြမ်းဖက်မှုကြောင့် ဖြစ်လာတဲ့စိတ်ပိုင်းဆိုင်ရာ၊ ထိခိုက်ဒဏ်ရာတွေကို ခံစားရုံတင်မက တရားမျှတမှု၊ လုံခြုံမှု အထောက်အပံ့ ရရှိရေးတို့မှာလည်း ကြီးမားတဲ့အတားအဆီးတွေကို ရင်ဆိုင်ကြုံတွေ့နေကြရတယ် “ဟုအစီရင်ခံစာထဲတွင် ပြောသည်။

SWAN က မှတ်တမ်းတင်ထားသည့် အကြမ်းဖက်မှု ဖြစ်စဉ်(၁၀၀)ကျော်အနက် မုဒိမ်းကျင့်မှုနှင့် မုဒိမ်းကျင့်ရန် ကြိုးပမ်းမှု ဖြစ်စဉ်(၇၀)ခုရှိရာ အသက် ၁၈နှစ်အောက်မိန်းကလေးငယ်အပါအဝင် ကလေးငယ်(၃၀)ဦး ကျူးလွန်ခံရခြင်းရှိကြောင်း သိရသည်။

ယင်းတွင် အသက် (၃)နှစ်အရွယ်သာရှိသေးသည့် မိန်းကလေးငယ်တစ်ဦးမှာ လွတ်မြောက်လာသူများအနက် တစ်ဦးအပါအဝင်ဖြစ်သည်ဟု အစီရင်ခံစာထဲတွင် မှတ်တမ်းတင်ထားသည်။

ထို့အပြင် လိင်အကြမ်းဖက်မှုမှ ရှင်သန်လွတ်မြောက်လာသူများအနက် အနည်းဆုံး (၁၂)ဦးမှာ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ကိုယ်လက်အင်္ဂါမသန်စွမ်းသူများ ဖြစ်ကြပြီး လူသတ်မှုဖြစ်စဉ် (၇)ခု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသည့်ဖြစ်စဥ်လည်း (၇)ခု ရှိကြောင်း SWAN က ဖော်ပြသည်။

ထို့ကြောင့် EROs၊ ကျေးရွာအုပ်ချုပ်ရေးပိုင်းနှင့် တရားမျှတမှုလုပ်ငန်းစဉ်တွင် ပါဝင်သူများသည် အကြမ်းဖက်ခံရမှုမှ ရှင်သန်လွတ်မြောက်လာသူများကို ဗဟိုပြုပြီး တုံ့ပြန်ဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရန်၊ အာမခံချက်ပေးသည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးရန် SWAN က တောင်းဆိုသည်။

ထို့အတူ ဂျဲန်ဒါ ဓလေ့ထုံးထမ်း များကို ကိုင်တွယ်ဖြေရှင်းခြင်းရန်လည်း အစီရင်ခံစာထဲတွင် တဆက်တည်း ဆိုထားသည်။

ထို့အတူ စစ်အုပ်စုထံလက်နက်ရောင်းချမှုတားဆီးပိတ်ပင်ရန်၊ အမျိုးသမီးများအတွက် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး(WPS)ဆိုင်ရာ လုပ်ငန်းစဉ်များ မြှင့်တင်ဆောင်ရွက်ရန်အတွက် ဒေသခံ အမျိုးသမီး ဦးဆောင်သည့် အဖွဲ့များကို စဉ်ဆက်မပြတ် ထောက်ပံ့ကူညီဆောင်ရွက်ရန်ကိုလည်း နိုင်ငံတကာထံ တိုက်တွန်းထားခြင်းရှိသည်။