Home သတင်း ဖလူးတိုက်ပွဲကြောင့် ပလောတပို့ စစ်ရှောင်များ မိုးထဲလေထဲ သောင်ရင်းမြစ်နံဘေး လေကြောင်းရန်ရှောင်နေရ

ဖလူးတိုက်ပွဲကြောင့် ပလောတပို့ စစ်ရှောင်များ မိုးထဲလေထဲ သောင်ရင်းမြစ်နံဘေး လေကြောင်းရန်ရှောင်နေရ

18
Photo: CJ (ပုံဟောင်း)

ဇူလိုင် (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး၊ သုံးထပ်ကွေ့ လမ်းပိုင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ စစ်အုပ်စုက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းတို့လုပ်ဆောင်နေ၍ ပလောတပို့ စစ်ဘေးရှောင်စခန်းမှ စစ်ရှောင်များမှာ မိုးထဲလေထဲ သောင်ရင်းမြစ်ကမ်းပါးသို့ဆင်းကာ ရှောင်တိမ်းနေရကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

လေယာဥ်ဗုံးဆန်နှင့်လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုသည် ပလောတပို့စခန်းနှင့်နီးကပ်လွန်းသဖြင့် စစ်ဘေးရှောင်များ နေရာပြောင်းစစ်ရှောင်နေကြရခြင်းဖြစ်ပြီး ချောင်းနံဘေး တောင်ကျရေတိုး၍ အသက်ဘေးဖြစ်နိုင်သည့် အခြေအနေအထိ ကြုံတွေ့နေရသည်ဟု စခန်းတာဝန်ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဂျက်ဖိုက်တာနဲ့ လာလာကြဲနေတော့ စခန်းထဲ မနေရဲကြတော့ဘူး၊ သောင်ရင်းချောင်းဘေး ဆင်းပြီး ရှောင်အိပ်နေရတယ်။ ညဘက်ဆို တောင်ကျရေဆင်းလို့ ချောင်းဘေး ရေတိုးလာရင် ပြေးရှောင်စရာ မရှိဘူး။ လူတစ်အုပ်ကြီးပဲ ဒုက္ခရောက်နေတာ။ ကလေးတွေလည်း စာသင်တာ ရပ်ထားရတယ်” ဟု အဆိုပါအမျိုးသမီးက ပြောသည်။

လက်ရှိ ပလောတပို့ စစ်ရှောင်စခန်းဧရိယာတွင် လေးကေကော်မြို့သစ်မှ စစ်ဘေးရှောင်များအပြင် အနီးနားရှိ ကျေးရွာ (၁၀) ရွာခန့်မှ ကလေးငယ်များအပါအဝင် အိမ်ထောင်စု ၅၀၀ ကျော်မှ လူဦးရေ စုစုပေါင်း (၃,၀၀၀) ဝန်းကျင် ခိုလှုံနေထိုင်ခြင်းရှိသည်။

Photo: CJ (ပုံဟောင်း)

ထို့အပြင် စစ်ဘေးရှောင်များ ရှိနေသည့်နေရာသို့ တိုက်ပွဲပိုမိုနီးကပ်လာပါက ထိုင်းနိုင်ငံဘက်သို့ ကမ်းကူး ရှောင်တိမ်းနိုင်ရန်အတွက် ထိုင်းအာဏာပိုင်များနှင့် ကြိုတင်ချိတ်ဆက် အကြောင်းကြားထားကြောင်းလည်း ပလောတပို့စခန်းတာဝန်ခံထံမှ သိရသည်။

ဖော်ပြပါအမျိုးသမီးက ဆက်လက်၍ “ဒီထက်အခြေအနေဆိုးလာရင်တော့ စစ်ရှောင်စခန်းပါ လက်နက်ကြီးနဲ့ လေယာဉ်ဗုံး မလွတ်တော့ဘူး။ ထိုင်းဘက်က လူကြီးတွေကိုတော့ ကြိုပြီး အကြောင်းကြားထားတယ်။ စက်လှေလည်း အရေးပေါ် ပြင်ဆင်ထားတယ်။ တိုက်ပွဲငြိမ်ရင် ကိုယ့်နေရာပြန်နေမယ်ဆိုတာပါ ပြောပြထားတယ်” ဟု ကေအိုင်စီကို ပြောသည်။

ထို့အတူ ပလောတပို့ စစ်ရှောင်စခန်းရှိ ထောင်နှင့်ချီသည့်စစ်ဘေးရှောင်များအတွက် ယာယီခိုလှုံစရာ အမိုးအကာလိုအပ်ချက်အပြင် ရိက္ခာနှင့် ဆေးဝါးများလည်း အရေးပေါ် လိုအပ်နေသည်ဟု ဆိုသည်။

လေးကေကော်ဒေသ တကျော့ပြန်တိုက်ပွဲများဖြစ်ပေါ်ချိန် ၂၀၂၅ ခုနှစ် အကုန်ပိုင်းမှစ၍ တဖန်ပြန်လည်စည်ကားလာသော ပလောတပို့စစ်ဘေးရှောင်စခန်းတွင် ယခု ၂၀၂၆ ခုနှစ် မတ်လပိုင်းကလည်း စစ်အုပ်စုလွှတ်တင်တိုက်ခိုက်သော (ကာမီကာဇေ) အသေခံဒရုန်း ကျရောက်ပေါက်ကွဲခြင်းရှိခဲ့သည်။ ယင်းကြောင့် စစ်ဘေးရှောင်အချို့ ဒဏ်ရာရရှိပြီး ကျန်စစ်ရှောင်များ သောင်ရင်းမြစ်ဘေး ထွက်ပြေးရှောင်တိမ်းခဲ့ကြရသေးကြောင်း ထိုစဥ်က သတင်းများတွင်ဖော်ပြသည်။