မတ်လ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ ထိုးစစ် ဆင်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူ ၄,၅၀၀ ကျော်အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေသည်ဟု ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ (KRC) က ယမန်နေ့ (မတ်လ ၁၄ ရက်) တွင် သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့မှစတင်၍ စစ်အုပ်စုတပ်က ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ခြင်း၊ ပစ္စည်းဥစ္စာ များနှင့် ရိက္ခာများကို လုယက်ဖျက်ဆီးခြင်းများ ကျူးလွန်ခဲ့သဖြင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ က ထုတ်ပြန်ထားသည်။
KRC ပြောရေးဆိုခွင့်ရှိသူက “အခုက အဲဒီနားတစ်ဝိုက်မှာ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတုန်းပဲ။ ပြည်သူတွေကတော့ စစ်ကြောင်းထိုးလို့မရတဲ့ နေရာတွေ၊ လုံခြုံရေးရှိတဲ့ တောတောင်တွေထဲမှာ ရှောင်နေရတယ်။ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုတယ်။ ရာသီဥတုကလည်း ပုံမှန်မဟုတ်တော့ အမိုးအကာတွေကတော့ အရေးပေါ်လိုတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ဘေးရှောင်နေရသူများတွင် ရေတွင်းကုန်း၊ ကျောင်းကုန်း၊ ဝါဒဲ၊ အင်းပရစ်နှင့် ဒလဆိပ် ကျေးရွာများမှ အိမ်ထောင်စုပေါင်း ၄,၅၀၇ စုခန့်ရှိပြီး ၎င်းတို့အထဲတွင် သက်ကြီးရွယ်အို၊ ကလေးသူငယ်နှင့် အမျိုးသမီးများ ပိုမိုများပြားကြောင်း သိရသည်။

တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သဖြင့် စစ်ဘေးရှောင်ဒေသခံများ နေရပ်ပြန်မ နေထိုင်ရဲကြဘဲ ရှောင်ပုန်းနေထိုင် စစ်ဘေးရှောင်နေကြရဆဲဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။
“ရွာထဲမှာ ဖမ်းဆီးခံထားရတဲ့သူတွေလည်း ရှိနေသေးတယ်။ စုံစမ်းရမိသလောက် ခန့်မှန်းခြေ ၄၀ ဝန်းကျင်ရှိသေးတယ် ပြန်ဖို့က မဖြစ်နိုင်သေးဘူး” ဟု ပြောသည်။
လက်ရှိတွင် KRC အနေဖြင့် စစ်ဘေးရှောင်များထံ အကူအညီများရောက်ရှိရန် လုပ်ဆောင်နေပြီး နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပရှိ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် စားနပ်ရိက္ခာနှင့် အရေးပေါ်လူသားချင်းစာနာမှု အကူအညီများကို တတ်နိုင်သမျှ ဝိုင်းဝန်းပံ့ပိုးပေးကြရန် တိုက်တွန်းနှိုးဆော်ထားသည်။
စစ်အုပ်စု၏ စစ်ကြောင်းထိုးမှုအတွင်း ဒေသခံပြည်သူ ၃၀ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူများအပြင် လူနေအိမ်အများအပြားလည်း မီးလောင်ပျက်စီးခဲ့ရသည်ဟု KRC ၏ ထုတ်ပြန်ချက်အရ သိရသည်။



















