နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကျားဖြန့်လုပ်ငန်း နေရာပြောင်းရွှေ့ လုပ်ကိုင်ရန် ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ မော်ဖိုးကေ ဒေသတွင် ကရင်နယ်ခြားစောင့်တပ် (BGF)က မြေဧကထောင်ချီလိုက်လံဝယ်ယူမှု လုပ်ဆောင်နေသည်ဟု ဆိုသည့်သတင်းအပေါ် အဖွဲ့ခေါင်းဆောင်များက ငြင်းဆိုလိုက်သည်။
နိုဝင်ဘာလ ၁၀ ရက်နေ့က ဒေသခံတချို့၏ ပြောကြားချက်ကို ကိုးကားပြီး လယ်မြေတစ်ဧကကို ဘတ်သိန်းချီပေးပြီး ဝယ်ယူနေသည့်အပြင် အဆောက်အအုံအချို့ကိုပါ ဆောက်လုပ်နေပြီဟု သတင်းများ ပျံ့နှံ့ ထွက်ပေါ်လာသည်။
ယခုလို သတင်းများ ထွက်ပေါ်လာမှုအပေါ် ဒေသတာဝန်ရှိသူ BGF အမှတ် (၂) စစ်ဒေသ စစ်ဆင်ရေးမှူး ဗိုလ်မှူး စောတင်ဝင်းက “မဟုတ်ပါဘူး အဲ့ဒီသတင်းက။ ဘာမှလည်း မဆောက်ဘူး။ ဒီအတိုင်း ဘာတွေ လိုလဲ သွားကြည့်ကြည့်တာပါပဲ။ ဘာဆောက်လုပ်ပြင်ဆင်မလဲ ဘာမှမရှိသေးပါဘူး။ ဒီတိုင်း အခြေအနေ သွားကြည့်တာပါပဲ။” ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ BGF အဖွဲ့နှင့် စစ်အုပ်စုတို့သည် KK Park ဟု လူသိများသည့် ကျားဖြန့်စီမံကိန်းတည်နေရာအတွင်းရှိ အဆောက်အအုံများကို အဖမ်းအဆီးပြုလုပ်ခြင်း၊ ဖြိုချ ဖျက်ဆီးမှုများ ဟန်ပြလုပ်ဆောင်ခဲ့သည်။ ထိုသို့ လုပ်ဆောင်ပြီး တစ်လကျော်အကြာတွင် ယခုလို လယ်မြေဝယ်ယူသည့် သတင်းများ အချိန်ကိုက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
သို့သော်လည်း သတင်းများထွက်ပေါ်နေသည့် မြေဝယ်ယူမှုသည် မော်ဖိုးကေဒေသတွင် မဟုတ်ဘဲ ဝါးရှူး ကေဟု ခေါ်သည့် BGF တပ်ဖွဲ့များ အခြေချနေထိုင်သည့် နေရာ၌သာဖြစ်ကြောင်း ကေအိုင်စီ၏ မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။
“အဲ မော်ဖိုးကေမှာ မဟုတ်ဘူးနော်။ မော်ဖိုးကေ အပေါ်ဘက်က ဝါးရှူးကေဘက်မှာပါ။ BGF တွေ အဲ့မှာ နေနေတာ ကြာလှပြီး။ ကျနော်ကြားတာ မြေတစ်ကွက်တော့ ဝယ်ထားပြီးပြီ။ ၂ ဧက ၃ ဧကလောက် ရှိမယ် ထင်တယ်။ ဝယ်ပြီးတော့ နေရာတစ်ခု ဆောက်နေတယ်။ ဘာဆောက်နေလဲ ဆိုတာတော့ သေချာမပြောတတ်သေးဘူးနော်” ဟု ၎င်း သတင်းအရင်းအမြစ်က ပြောသည်။
ပိုင်ကျုံမြို့နယ်သည် ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံး၏ ဖားအံခရိုင်ထဲတွင် တည်ရှိသည်။ ၎င်းအပြင် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA–PC) နှင့် BGF အဖွဲ့တို့ပါ ရောနှောထိန်းချုပ်ထားသည့် ဒေသလည်း ဖြစ်သည်။
မြေဝယ်ယူမှုနှင့် ပတ်သက်၍ ကေအဲန်ယူ ဖားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးက “မော်ဖိုးကေမှာ ဘာမှ မရှိဘူးနော်။ ဝါးရှူးကေဘက်မှာတော့ ကျနော်တို့လူတွေ မရှိဘူး။ ရှိရင်လည်း BGF တွေပဲရှိမှာ။ အဲ့ဒီမှာ BGF တွေ နေရာယူထားတာ ၁၀ နှစ် အနှစ် ၂၀ လောက်ရှိနေပြီး။ ကျနော်တို့ ဆွေးနွေး တိုင်ပင်စရာရှိတာ ဆွေးနွေးမယ်။ ကျနော်တို့ရဲ့ စည်းလုံးမှု မပျက်ဖို့အတွက် အကောင်းဆုံး စီစဉ်ဆောင်ရွက်သွားမယ်” ဟု ပြောသည်။
စစ်အုပ်စုနှင့် BGF တို့ပေါင်း၍ အဆောက်အအုံများ ဖြိုချဖျက်ဆီးပြနေသည့် KK Park စီမံကိန်းနေရာမှ ထောင်နှင့်ချီသော ကျားဖြန့်အလုပ်သမားများကို ဘေးလွတ်ရာ ထွက်ပြေးကြသလို အဓိက တာဝန်ရှိသူများကိုလည်း BGF အဖွဲ့က နေရာရွှေ့ပြောင်းပေးမှုများ လုပ်ဆောင်နေသည်ဟု ဆိုကြသည်။
ယခုလို မြေနေရာများ လိုက်လံဝယ်ယူနေမှုသည်လည်း KK Park က ကျားဖြန့်စီမံကိန်း လုပ်ငန်း နေရာအစားထိုးအတွက် ဖြစ်နိုင်သည်ဟု အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းစောင့်ကြည့်သူများက သုံးသပ်ပြောဆိုကြသည်။


















