အောက်တိုဘာ ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ တပ်မဟာ(၄)/မြိတ်-ထားဝယ်ခရိုင်၊ ထီးခီး နယ်စပ် ဒေသ၊ ထီးမိုပွာနယ်မြေ၊ မယ်သမီခီး(ထီးခီး)ရွာသို့ ယနေ့ နံနက် ၉ နာရီဝန်းကျင်က စစ်အုပ်စု လေယာဥ်ဖြင့် ဗုံးအလုံးရေ ၄၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ(၄) ကေအဲန်ယူဘက်က သတင်းထုတ်ပြန်သည်။
ထိုင်း-မြန်မာနယ်စပ်နှင့် ၃ ကီလိုမီတာနီးပါးသာ ကွာဝေးသည့် မယ်သမီခီးရွာသို့ စစ်အုပ်စု၏ Y12 လေယာဥ်ဖြင့် တစ်မနက်အတွင်း ၁၀ ကြိမ်တိုင်တိုင် ကြဲချတိုက်ခိုက်သွားခြင်းဖြစ်ပြီး အဆောက် အဦး ပျက်စီးမှုမှလွဲ၍ လူထိခိုက်သေဆုံးမှုမရှိဟု ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောသည်။
“အဆောက်ဦးထိတာ လောက်ပဲရှိတယ်။ ရွာသားတွေတော့ အထိအခိုက်မရှိဘူး။ လေယာဥ်က တစ်ကြိမ် ကြဲချရင် ၄ လုံး ၅ လုံးနဲ့ အားလုံးပေါင်း အကြိမ်ရေ ၁၀ ကြိမ် အလုံး ၄၀ ကျော်ရှိတယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ပျက်စီးသွားသည့် အဆောက်အဦးများတွင် ဒေသခံနေအိမ်အချို့လည်းပါဝင်သလို ကားဝပ်ရှော့ တစ်ခုလည်းပါဝင်ပြီး ပျက်စီးမှုအနည်းငယ်ရှိသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်တို့မှ သိရသည်။

လေယာဥ်ဗုံးကြဲချမှုကြောင့် ပတ်ဝန်းကျင်နီးစပ်သည့် ထီးခီးနယ်စပ်ရှိဒေသခံအချို့ ထိုင်း-မြန်မာနယ်စပ် ဂိတ်အနီးသို့ ရောက်ရှိကာ ခိုလှုံနေကြရပြီး ထိုင်းဘက်ခြမ်းသို့ ပြောင်းရွှေ့ခိုလှုံခွင့်ရရေး စောင့်ဆိုင်းနေကြ ကြောင်းလည်း ထိုင်းမီဒီယာအချို့တွင် ဖော်ပြထားသည်။
ယခု ၂၀၂၅ ခုနှစ် နှစ်ဝက်ကာလအတွင်း ကေအဲန်ယူ လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များက အဆိုပါ ထီးခီးဒေသအတွင်းရှိ စစ်အုပ်စုတပ်စခန်းများကို သိမ်းပိုက်ထားပြီး နယ်စပ်ကုန်သွယ်ရေးအခွင့်အလမ်းကိုလည်း လက်ဝယ်ရရှိထားသည်။
စခန်းသိမ်းတိုက်ပွဲကာလများအတွင်း စစ်အုပ်စုက လေကြောင်းပစ်ကူပေးခြင်း၊ လေယာဥ်ဖြင့် ရိက္ခာ အထောက်အပံ့ပို့ဆောင်ခြင်းတို့ လုပ်ဆောင်ခဲ့သော်လည်း ထီးခီးနယ်စပ်တစ်လျှောက် တော်လှန်ရေးတပ်ဖွဲ့များ အပြည့်အဝနီးပါးထိန်းချုပ်နိုင်ပြီးနောက် ယခုလိုလေကြောင်းဖြင့် တကျော့ပြန်လည်တိုက်ခိုက်လာခြင်းဖြစ်သည်။



















