အောက်တိုဘာ ၈ ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအိုင်စီ
မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်နေရာတွင် ဖြစ်ပွားသည့် တော်လှန်ရေး မဟာမိတ်တပ်များနှင့် စစ်အုပ်စုတပ်တို့ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်အုပ်စုဘက်မှ စစ်သားသစ် ၁၀၀ ဝန်း ကျင်သေဆုံးခဲ့သည်ဟု (KNLA) မဟာမိတ်တပ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၃၂) ကျားသစ်နက် စစ်ကြောင်းက အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း စစ်အုပ်စုတပ်ဘက်မှ ဒရုန်း၊ ဂျက်ဖိုက်တာ၊ မစ်ဇိုင်း၊ ၁၂၀ မမ ဟောင်ဝှစ်ဇာအမြောက်များအပါအဝင် မြေပြင်စစ်ကြောင်း ၃ ကြောင်း အင်အား ၅၀၀ ကျော်ခန့်ဖြင့် လေးကေကော်ဒေသအား ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာသော်လည်း ထိခိုက်သေ ဆုံးမှုများပြားခဲ့သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်ဖွဲ့ ရှေ့တန်းသတင်းအရင်းအမြစ်က ပြောသည်။
“တိုက်ပွဲကတော့ ဆက်ရှိနေတယ်။ လေးကေကော်မှာ သူတို့တိုးလာ လိုက်ကျလိုက် ထိလိုက်ဖြစ် နေတယ်။ ကိုယ်ဘက်ကလည်း ထိတာကျတာရှိတယ်။ သူတို့ ပဟိကလော်၊ ကျောက်တောင်၊ ထီးမယ် ဝါးခီးဘက်မှာ ၁၀၀ လောက်ကျကုန်တယ်၊ ကွန်မန်ဒိုပေါက်စ (အသစ်) တွေလည်း ကျတယ်။ ပြန်လာ မကောက်သေးလို့ ပုပ်ပွနေပြီ” ဟု KNLA မဟာမိတ်တပ်ဖွဲ့ ရှေ့တန်းသတင်းအရင်းအမြစ်က ပြောသည်။
၎င်းအပြင် အဆိုပါ ထိုးစစ်ဆင်လာသော စစ်အုပ်စုတပ် စစ်ကြောင်းမှ ပြည်သူ့စစ်မှုထမ်း (ပစ) ၃ ဦးသည် ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက် (လပြည့်နေ့) တွင် KNLA ကော်ဘရာစစ်ကြောင်းထံ အလင်းဝင် ခိုလှုံလာသည်ဟုလည်း KNLA မဟာမိတ်တပ်ဖွဲ့ ရှေ့တန်းသတင်းအရင်းထံမှ သိရသည်။

ထိုသို့ စစ်တပ်ဘက်မှ ကျဆုံးမှုများနေသော်လည်း ကော့ကရိတ်မှ စစ်ကူပို့ဆောင်လာသည့် စစ်သား သစ်များဖြင့် လူအင်အား၊ ဒရုန်းအင်အား အများအပြား အသုံးပြုကာ တိုက်စစ်ဆင်လာရာတွင် KNLA မဟာမိတ်တပ်များဘက်မှ ဖြတ်တောက်တိုက်ခိုက်နေကြောင်း စစ်မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။
လက်ရှိ လေးကေကော်တိုက်ပွဲတွင် ယခင်က အာရှလမ်းမသစ်ဘက်သို့ ထိုးစစ်ဆင်လာသည့် အောင် ဇေယျ စစ်ဆင်ရေးတပ်မှ KNLA မဟာမိတ်တပ်များထံ အလင်းဝင်ရောက်လာသူ ၃၀ ကျော်သည်လည်း ယခု လေးကေကော်စစ်မြေပြင်တွင် တော်လှန်ရေး မဟာမိတ်တပ် စစ်ကြောင်းများနှင့်အတူ စစ်အုပ်စုတပ်ကို ပြန်လည်တိုက်ခိုက်နေကြကြောင်း သိရှိရသည်။
“အခု လေးကေကော်ဂွင်မှာက စစ်တပ်စစ်ကြောင်းကို ပြန်တိုက်တဲ့အထဲမှာ အာရှလမ်းမှာတုန်းက အလင်းဝင်လာတဲ့ အောင်ဇေယျက ပစနဲ့ တပ်သားဟောင်းတွေပါ တယ်။ ၃၂ ဗျူဟာအောက်က စစ်ကြောင်းတွေမှာ စစ်တပ်ကို ပြန်ပြီး အတူတူတွဲတိုက်နေတာပါ တယ်” ဟု KNLA မဟာမိတ်တပ် စစ်ကြောင်း သတင်းအရင်းအမြစ်က ပြောသည်။
လတ်တလောတွင် စစ်တပ်ဘက်မှ လေးကေကော်မြို့သစ်နေရာ၊ အာရှလမ်းနေရာအား အပြည့်အဝ မ ထိန်းချုပ်နိုင်သေးသလို KNLA မဟာမိတ်တပ်နှင့် စစ်အုပ်စုစစ်ကြောင်းတပ်တို့အကြား မြေပြင်တိုက် ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။



















