Home သတင်း ကော့ကရိတ်-နဘူးလမ်းကို စစ်အုပ်စုနေရာယူ၊ နေရပ်ရှောင်ဒေသခံများ အိမ်ပြန်နေရေး ခြိမ်း‌ခြောက်

ကော့ကရိတ်-နဘူးလမ်းကို စစ်အုပ်စုနေရာယူ၊ နေရပ်ရှောင်ဒေသခံများ အိမ်ပြန်နေရေး ခြိမ်း‌ခြောက်

789
Photo: Social Media

အောက်တိုဘာ ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မြောက်ပိုင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇) နယ်မြေ ကော့ကရိတ်-နဘူးလမ်းတစ်လျှောက်ရှိ ကျေးရွာများကို စစ်အုပ်စုတပ်ဖွဲ့များ ဝင်ရောက်နေရာယူထားလိုက်ပြီးနောက် စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးကြသည့် ဒေသခံများအိမ်ပြန်နေရန် ခြိမ်းခြောက်ပြောဆိုမှုရှိကြောင်း ဒေသခံများက ပြောသည်။

ကော့ကရိတ်မှ နဘူးမရောက်ခင် လမ်းပိုင်းရှိ မြပတိုင်၊ လန်းခိုဘိုင်း၊ နောင်ထပ်ပံ၊ နန်းကော်တေး အစရှိသည့် ကျေးရွာများကို မွန်ပြည်နယ်အခြေစိုက်သည့် တပ်မ(၄၄) လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့ပါဝင်သည့် စစ်အုပ်စုများက ပြီးခဲ့သည့် ရက်ပိုင်းတွင် ဝင်ရောက်နေရာယူထားခြင်းဖြစ်သည်။ ထို့နောက် ပြန်မနေသည့် ဒေသခံနေအိမ်များကိုလည်း ဖျက်ဆီးမည်ဖြစ်ကြောင်း အကြပ်ကိုင်ပြောဆိုနေသည်ဟု ယင်းဒေသအတွင်း ရောက်ရှိနေထိုင်သူများက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “အဲ့တလျှောက်မှာ သူတို့(စစ်အုပ်စု) ဝင်နေရာယူသွားပြီ။ ပြေးတဲ့သူက ပြေးကြ၊ ကျန်တဲ့သူ ဒုက္ခရောက်မှာလေ။ အဲဒါကို အိမ်တွေရိုက်ဖွင့်တယ်။ ပြန်မလာရင် ဖျက်ဆီးပစ်မယ်လို့လည်း ပြောတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလဆန်းက ၎င်းစစ်အုပ်စုတပ်ဖွဲ့ ဝင်ရောက်လာစဉ်တွင်လည်း ဒေသခံအချို့ကို ဖမ်းခေါ်ထိန်းသိမ်းခဲ့သေးကြောင်းလည်း ဒေသခံသတင်းအရင်းအမြစ်များက ပြောဆိုသည်။

ဧပြီလမှ စပြီး ကျုံဒိုး-ကော့ကရိတ်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး စစ်အုပ်စုက လက်နက်ကြီးရော၊ လေကြောင်းပါ ပစ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် စစ်အုပ်စု ပြန်လည် ဝင်ရောက်နေရာယူခြင်းကြောင့် နေရပ်ရှောင်ဒေသခံများ နေအိမ်ပြန်နိုင်ရန် အခက်တွေ့ကြုံကြရသည်ဟု ဆိုသည်။

“မြပတိုင်မှာက တိုက်ပွဲကာလကတည်းက တဖြည်းဖြည်း ရွှေ့ကြတာ။ သူတို့(စကစ) ပြန်ဝင်လာ တော့လည်း ရွာခံတွေအိမ်ပြန်နေလို့ရပြီး ဘာမှ ကြောက်စရာမရှိတော့ဘူးလို့ ပြောနေတာပဲ။ ဒါပေမဲ့ သူတို့ကို အယုံအကြည် သိပ်မရှိဘူးလေ။ တချို့ ပြန်နေတဲ့သူလည်း ရှိပါတယ်။ တစ်ယောက်တစ်လေပဲ တော်တော်များများ ပြန်မနေရဲကြဘူး။ မနေဘူးဆိုတာလည်း စစ်အုပ်စုက အိမ်က ပစ္စည်းတွေ ဖောက်ယူထားတယ်” ဟု ရွာသားတစ်ဦးက ပြောသည်။

အလားတူ ကျုံဒိုးတိုက်ပွဲတွင်လည်း နေရပ်ပြန်မနေနိုင်သည့် ရွာခံအိမ်များ ခိုးယူဖောက်ထွင်းခံရမှုများ ဖြစ်ပွားခဲ့သည်။ ဇူလိုင်လ နောက်ဆုံးအပတ်ကစပြီး ပြန်လည်စိုးမိုးထားနိုင်သော စစ်အုပ်စုကလည်း ကျုံဒိုးစစ်ရှောင်များ နေရပ်ပြန်လာရန်နှင့် ပြန်မနေပါက အိမ်သိမ်းယူမည်ဖြစ်ကြောင်း ဖိအားပေးပြောဆိုခြင်းတို့ရှိခဲ့သည်ဟုလည်း ထိုစဉ်က ကျုံဒိုးဒေသခံများမှ ပြောဆိုကြသည်။