Home သတင်း CI စင်တာများ စဖွင့်သည့်ရက်တွင် လာလုပ်သူများပြားနေ

CI စင်တာများ စဖွင့်သည့်ရက်တွင် လာလုပ်သူများပြားနေ

1086
Photo: Social Media

ဩဂုတ် ၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် (CI-Certificate of Identity) စင်တာများ စတင်ဖွင့် လှစ်သည့် ရက်များတွင် လာရောက်လုပ်ဆောင်သူ များပြားနေသည်ဟု အကျိုးဆောင်များက ပြောသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် မည်သူဖြစ်ကြောင်း သက်သေခံလက်မှတ် CI စင်တာများကို ထိုင်းနိုင် ငံ စမွတ်စခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီနှင့် ချင်းမိုင် ခရိုင်တို့တွင် ဩဂုတ် ၆ ရက်နေ့မှစ၍ ဖွင့်လှစ်ခဲ့ ခြင်းဖြစ် သည်။

“ဖွင့်တာ ၂ ရက်ရှိပြီး။ ကျနော်တို့ စမွတ်စခွန် (မဟာချိုင် ) ဘက် အနေအထားကတော့ မနေ့ကဆိုရင် အယောက် ၇၀၀ ကျော်၊ ဒီနေ့က ၈၀၀ ကျော်တယ် ။ လက်ရှိက စာအုပ်သက်တမ်းကုန်မယ့်သူတွေ စာအုပ်အသစ် ပြန်လဲပေး တာပါ။ နောက်ရက်တွေဆို ဒီထက် များလာဖို့ပဲ ရှိမယ်။ တရက်ကို သတ်မှတ်ဦးရေက လူ အယောက် ၆၀၀ လို့ သိထားပါတယ်” ဟု အကျိုးဆောင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စင်တာများတွင် ခြောက်လအတွင်း CI စာအုပ် သက်တမ်းကုန်ဆုံးမည့်သူများကို သက်တမ်းတိုးပေးခြင်း၊ စာအုပ်အသစ် လဲလှယ်ပေးခြင်း၊ ထိုင်းနိုင်ငံ၏ ဘတ်ကတ် (TR-38) လုပ်ငန်းစဉ်နှင့် အတူ CI စာအုပ်အသစ်များ ထုတ်ပေးခြင်း၊ သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို CI မှ PJ Pressport ထုတ်ပေးခြင်းနှင့် OWIC ကတ် ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

Photo: Social Media

CI စင်တာများတွင် သက်တမ်းတိုးနှင့် လဲလှယ်ပေးခြင်းကို သြဂုတ် ၆ ရက်မှ နိုဝင်ဘာ ၆ ရက်နေ့ အထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် CI မလိုဘဲ ပန်းရောင်ကတ် တစ်မျိုးတည်းဖြင့်သာ နေထိုင် လုပ်ကိုင်ခွင့်ရရှိစေရန် ထိုင်းအခြေစိုက် မြန်မာလုပ်သားများကို ကူညီပေးနေသည့် Bright Future အဖွဲ့က ထိုင်းလွှတ်တော်သို့ ဩဂုတ် ၅ ရက်နေ့တွင် တင်ပြတောင်းဆိုမှုများလည်း ရှိကြောင်း သိရသည်။