Home သတင်း သထုံတွင် တောထဲ အင်ဥသွားကောက်သူ စစ်ကောင်စီနှင့် တိုးပြီး အသတ်ခံရ

သထုံတွင် တောထဲ အင်ဥသွားကောက်သူ စစ်ကောင်စီနှင့် တိုးပြီး အသတ်ခံရ

999
Photo: CJ

ဇွန် ၄ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ (သထုံ)ခရိုင်၊ သထုံမြို့နယ် ပိန္နဲတောကျေးရွာသား တစ်ဦးသည် ရွာအနီး တောတွင်း၌ အင်ဥ သွားကောက်စဉ် စစ်ကောင်စီ၊ စစ်ကြောင်းနှင့်တိုးပြီး ဖမ်းဆီးသတ်ဖြတ် ခံရသည်ဟု တပ်မဟာ(၁) တာဝန်ရှိ သူကပြောသည်။

အဆိုပါ အသတ်ခံရသူသည် ပိန္နဲတော အလယ်ရွာနေ အသက် ၅၂ နှစ်အရွယ် စောလားထု ဖြစ်သည်ဟု သိရပြီး တောထဲအင်ဥ သွားကောက်စဉ် မေ ၂၉ ရက်နေ့က ဝင်းတာပန်စခန်းသို့ စစ်ကူအင်းအားဖြည့်ရန် လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် တိုးကာ ဖမ်းဆီး အသတ်ခံရခြင်း ဖြစ်သည်ဟု တပ်မဟာ(၁)၊ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေးက ယခုလိုပြောသည်။

“စစ်ကောင်စီ စစ်ကြောင်းက ပိန္နဲတောကနေ တက်လာတာ။ ဝင်းတာပန်စခန်းကို ဆက်သွားတော့ လူသွားလမ်း အတိုင်းမသွားဘူး တောထဲကို ဖြတ်ပြီး တောင်တက်၊ တောင်ဆင်းလမ်း ကိုသွားတော့ သူများ သတိမထားမိဘူး။ အဲမှာ ဒေသခံတစ်ဦးကို ဖမ်းဆီးမိတော့ သတ်လိုက်တာ။ အသတ်ခံရတဲ့ အလောင်းကို ၂ ရက်လောက်ကြာမှ သူများ သွားတွေ့တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါစစ်ကြောင်းသည် အင်အား အယောက် ၁၀၀ ကျော်ခန့်ပါရှိပြီး မေ၂၈ ရက်နေ့က ပိန္နဲတော ကျေးရွာသို့ ရောက်ရှိ လာပြီးနောက် မေ ၂၉ ရက်နေ့တွင် ဝင်းတာပန် တပ်စခန်းသို့ ခြေလျင်ခရီး ဆက်ထွက်သွားသည်ဟု သိရသည်။

ဝင်းတာပန် စစ်ကောင်စီတပ်စခန်းသို့ ခြေလျင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းကို နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA က ကြားဖြားတိုက်ခိုက်သည့်အတွက် လက်ရှိ လမ်းခုလတ် တောတောင်ထဲ၌သာ ရှိနေသေးသည်ဟု မြေပြင် KNLA တာဝန်ရှိသူထံမှ သိရသည်။

ကေအဲန်ယူ ဘီးလင်းမြို့နယ်ထဲတွင်ရှိနေသည့် ဝင်းတာပန်နှင့် လေးကေစစ်ကောင်စီ တပ်စခန်းနှစ်ခုတွင် စုစုပေါင်း အင်အား အယောက် ၈၀ ခန့်ရှိကာ နယ်မြေခံ KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ မကြာခဏ ဝင်ရောက် တိုက်ခိုက်သည့်အတွက် ရိက္ခာအခက်အခဲရှိလာပြီး ဒေသအတွင်းရှိ ပြည်သူများထံမှ ကြားဖြတ် ရယူနေခြင်း ဖြစ် သည်။

ကေအဲန်ယူ၊ တပ်မဟာ(၁)၊ စီမံအုပ်ချုပ်နယ်မြေတွင် အတွင်းဘက်ကျသည့် ဒေသသများ၌ စစ်ကောင်စီ၏ မယ်ပရေခီး၊ လေးကေနှင့် ဝင်းတာပန်နှင့် ပိန္နဲတောစခန်းများသာ အကြီးဆုံးစခန်းအဖြစ်သာ ကျန်ရှိတော့ကြောင်း သိရသည်။