ကော်သူးလေ ဒေသက အမျိုးသမီးများရဲ့ မျက်မှောက်အရေး သုံးသပ်ချက်များ
ကော်သူးလေနယ်စပ်တစ်နေရာတွင် မေလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ သုံးရက်တာကျင်းပပြုလုပ်ခဲ့သည့် ကော်သူးလေအမျိုးသမီးများနှီးနှောဖလှယ်ပွဲ၌ နိုင်ငံတွင်းအုပ်ချုပ်ရေး၊ အမျိုးသမီးများဦးဆောင်ပါဝင်မှုကဏ္ဍ၊ အွန်လိုင်းငွေလိမ်လည်မှု တရားမဝင်လုပ်ငန်းများနှင့် သဘာဝသယံဇာတထုတ်ယူမှုကိစ္စရပ်များကြောင့် အမျိုးသမီးများအပေါ် သက်ရောက်မှုများ၊ လူသားချင်းစာနာမှုကိစ္စများကို ဆွေးနွေးခဲ့ကြရာ ပွဲတက်ရောက်လာသည့် ကိုယ်စားလှယ်များ၏ အမြင်နှင့်သုံးသပ်ချက်များကို ယခုလိုမေးမြန်းခဲ့ပါသည်။
ပဒိုနော်မြိုင်ဖိုး (ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဗဟို တရားသူကြီးချုပ်)
ဒီတစ်ကြိမ် အမျိုးသမီးတွေ့ဆုံဆွေးနွေးရေးထဲမှာ ပြန်ကြည့်ရမယ်ဆိုရင် စိတ်ကျေနပ်စရာမရှိဘူး။ ဘာကြောင့်လဲဆိုတော့ သတင်းဌာနတွေမှာ သတင်းရေးနေတာက ကျားဖြန့်ငွေကြေးလိမ်လည်မှုလုပ်ငန်းတွေမှာ ကေအဲန်ယူက ပါဝင်ပတ်သက်နေတယ်။ ဘယ်အဖွဲ့အစည်းတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာတွေ ပါတယ်။ ကေအဲန်ယူဆိုတာ ကျမတို့အားလုံးဟာ ကေအဲန်ယူအဖွဲ့ဝင်ပဲ။ ပါဝင်ပတ်သက်လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေကလည်း ကေအဲန်ယူပါပဲ။ ကေအဲန်ယူမှာလည်း နာမည်တွေရှိပါတယ်။ ကေအဲန်ယူ မောင်မဲ၊ ကေအဲန်ယူ မဖြူ၊ ကေအဲန်ယူ ဘယ်သူကဆိုပြီး အဲဒီလိုရေးသားဖော်ပြစေချင်တယ်။ ဒါကတော့ ကေအဲန်ယူလို့ ရေးသားပြောဆိုလိုက်တော့ ကျမတို့အမျိုးသမီးအားလုံး ဒီငွေကြေးလိမ်လည်မှုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက် မလုပ်ကိုင်ကြဘူး။ ကျမ ခံစားလို့လည်းမရဘူး။ အချိန်မများတဲ့အတွက် ကျမမေးချင်ပြောချင်ပေမယ့် ပြောဖို့အချိန်မရလိုက်ဘူး။ ကျမအမြင်ကတော့ အချိန်နည်းတယ်။ ကျမတို့ပြောချင်သလိုမပြောလိုက်ရဘူး။
စောဖရန်ကီ (KNU သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ)
အခု တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး ကျနော်ကတော့ အတော်ဝမ်းသာရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်ကိုယ်တိုင်က သဘာဝပတ်၀န်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်နေတဲ့သူ ဖြစ်တယ်။ အမျိုးသမီးအဖွဲ့အစည်းတွေက သဘာဝပတ်ဝန်းကျင် စီမံထိန်းသိမ်းရေးကို စတင်ကြိုးစားပြောဆိုဆောင်ရွက်လာတာကို တွေ့ရတဲ့အတွက် ကျနော်ဝမ်းသာရပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေအရည်အသွေး ကျဆင်းသည်ဖြစ်စေ၊ လျော့နည်းသည်ဖြစ်စေ၊ ဒါတွေက အမျိုးသမီးတွေအတွက် အန္တရာယ်ကြီးစေပါတယ်။ ဆိုလိုချင်တာက အမျိုးသမီးတွေ ရေရရှိဖို့အတွက် ဝေးလံတဲ့နေရာကို သွားရတယ်။ အချိန်ကုန်တယ်။ လူလည်း ပင်ပန်းပါတယ်။ အချိန်ကုန်တယ်ဆိုတာ ဘာကိုပြောလဲဆိုတော့ ရေရရှိဖို့အတွက် သူတို့ပေးလိုက်ရတဲ့အချိန်က သူတို့မိသားစု၊ အိမ်တွင်းရေး၊ သားရေး၊သမီးရေးတွေကိုပေးရမယ့်အချိန် နည်းသွားလိမ့်မယ်။ ကျနော်တို့ အဲဒါတွေကို ရိုးရိုးလေး ကြည့်မယ်ဆိုရင် အဲဒီလို ထိခိုက်တာတွေကို တွေ့ရပါတယ်။
ဒေါ်ခင်ဥမ္မာ (ရှေ့ပြေးအသံအဖွဲ့တည်ထောင်သူ)
ဒီကော်သူးလေအမျိုးသမီးတွေအားလုံးအတွက် အရမ်းဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ်။ ဒီကရင့်တော်လှန်ရေး မျိုးဆက်နဲ့ချီပြီးတော့မှ ဘယ်တုန်းကမှ မဆုတ်မနစ်နဲ့ ကိုယ့်ရဲ့ တိုင်းရင်းသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ၊ လွတ်မြောက်မှုအတွက် မျိုးဆက်နဲ့ချီပြီးတော့မှ ကြိုးစားခဲ့တဲ့အထဲမှာ ကရင်အမျိုးသမီးတွေရဲ့ တော်လှန်ရေးမှာပါဝင်မှုအားဟာ ကျမတို့ ကျန်တဲ့အမျိုးသမီးတွေအားလုံး၊ မြန်မာနိုင်ငံက အမျိုးသမီးတွေအားလုံး ဂုဏ်ယူလေးစားအတုယူရတဲ့ဟာဖြစ်တယ်။ တော်လှန်ရေးကို ရှေ့ကိုပိုရောက်ဖို့ လိုအပ်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ၊ မူဝါဒပိုင်းဆိုင်ရာ အားလုံးကိုလည်း ကရင့်တော်လှန်ရေးထဲမှာ ပါဝင်နေကြတဲ့ ကော်သူးလေအမျိုးသမီးတွေက ထိပ်ဆုံးကနေပြီးတော့ တက်တက်ကြွကြွနဲ့ တကယ့်ကိုဦးဆောင်တဲ့အထဲမှာကို ဒီကရင့်တော်လှန်ရေး ဦးဆောင်အဖွဲ့တွေကို သေချာဝန်းရံပါဝင်တာကို တွေ့ရတဲ့အတွက်ကြောင့်မို့လို့ အရမ်းဝမ်းသာတယ်။ ဒီစီမီနာက အဲဒါကို သက်သေပြတယ်လို့ ကျမမြင်တယ်။



















