မေလ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ် လှည်းဆိပ်တူမြောင်းကျေးရွာအုပ်စုရှိ ကျေးရွာအချို့တွင် အသက် ၃၅ နှစ် အထက် အမျိုးသားများကို ကျေးရွာနှင့် မြို့ပေါ်လုံခြုံရေးအတွက် စစ်သင်တန်းပေးရန် မဲနှိုက် ခေါ်ယူမှုများ ယခုလ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
လှည်းဆိပ်၊ ရွှေလောင်းပွား၊ အရှေ့ရှမ်းကွင်း၊ ရေကျော်၊ တောကျောင်းထင်ကျောင်း နှင့် ကျောင်းစုစသည့် ကျေးရွာ ၆ ရွာအတွက် လူဦးရေ ၃၀ ဦး ခေါ်ယူသွားမည်ဖြစ်ပြီး သက်ဆိုင်ရာကျေးရွာ ဒေသခံအမျိုးသား များကို မဲနှိုက်ရန် ခေါ်ယူခဲ့သော်လည်း ရွာသားများက သွားရောက်မဲမနှိုက်ခဲ့ကြကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ မဲနှိုက်ရန် ငြင်းဆန်ကြသောကြောင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ် မှူးများနှင့် စာရေးတာဝန်ရှိသူများက ကျေးရွာသားများ၏ နာမည်စာရင်းအလိုက် ၎င်းတို့ ကိုယ်တိုင် မဲနှိုက်ပေးခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“အခုက အသက် ၃၅ ကနေ ၆၅ ကို မြို့စောင့်တပ် ပုံစံမျိုး၊ ရွာရဲ့ လုံခြုံရေးလို့တော့ပြောပြီး ခေါ်တာပဲ အုပ်ချုပ်ရေးမှူးတွေက။ ရွာသားတွေကို မဲနှိုက်ဖို့ ခေါ်တာ ရွာသားတွေက မသွားတော့ သူတို့ပါ သူတို့မဲနှိုက်လိုက်တယ်။ အဲ့မှာ တစ်ရွာကို ၅ ယောက်ပါတဲ့ရွာကပါတယ်။ ၆ ယောက်ပါတဲ့ ရွာက ပါတယ်။ အခု အယောက် ၃၀ မဲနှိုက်သွားတယ်တဲ့။” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မဲနှိုက်ပြီး မဲပေါက်ထားသည့် လူဦးရေ စာရင်းကို သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေး အာဏာပိုင်များက ရယူထားပြီး သင်တန်းအတွက် တစ်ကြိမ်ခေါ်လျှင် ၁၀ ဦးနှုန်းဖြင့် သက်ဆိုင်ရာ အိမ်မဲမြို့ပေါ်က စစ်တပ်စခန်းများတွင် စစ်သင်တန်းတက်ရောက်ရမည်ဖြစ်သည်ဟု သိရသည်။
ထိုသို့ သင်တန်းတက်ရောက် ပြီးစီးသူများကိုလည်း လိုအပ်သည့်အချိန်မှ ခေါ်ယူတာဝန်ပေးမည်ဟု ပြောဆိုထားပြီး ဒေသခံကျေးရွာသားများအနေဖြင့် ပါဝင်လိုသည့် ဆန္ဒမရှိကြသလို ရှေ့တန်းနေရာများကို ပို့ဆောင်မည်ကိုလည်း စိုးရိမ်နေကြကြောင်း နီးစပ်သည့် ဒေသခံများက ဆိုသည်။
အိမ်မဲမြို့နယ်တွင် ကျေးရွာ အုပ်စု ၉၇ အုပ်စုတွင် ကျေးရွာပေါင်း ၅၀၅ ရွာ ရှိပြီး လတ်တလောတွင် ကျေးရွာအုပ်စု ၂ အုပ်စုကိုသာ မဲနှိုက်ထားသေးသည်။ ကျန်ကျေးရွာများကိုလည်း သင်တန်းအတွက် ဆက်လက်ခေါ်ယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသိပေး ပြောဆိုထားသည်။
စစ်ကောင်စီက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းပြီး ပြည်သူ့ လုံခြုံရေးစနစ်ဟု ခေါင်းစဉ်တပ်၍ အသက် ၃၅ နှင့်အထက် အမျိုးသားများကို စစ်သင်တန်းခေါ်ယူ လျက်ရှိသည်။ ၎င်းစစ်သင်တန်းဆင်းအမျိုးသားများအား ကျေးရွာနှင့် မြို့ပေါ် လုံခြုံရေး တာဝန်ပေးသွားမည်ဟု သိရသည်။



















