Home သတင်း ထောင်တွင်း အစားအသောက်ကျွေးမွေးမှု ပမာဏလျှော့ချမှုကြောင့် အကျဉ်းသားများ အာဟာရချို့တဲ့မှုများဖြစ်နေ

ထောင်တွင်း အစားအသောက်ကျွေးမွေးမှု ပမာဏလျှော့ချမှုကြောင့် အကျဉ်းသားများ အာဟာရချို့တဲ့မှုများဖြစ်နေ

836
Photo- PPNM

မေလ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များအတွင်း ဘတ်ဂျက်ငွေလျော့နည်းလာသည်ဟုဆိုကာ အစား အသောက်ခွဲတမ်း လျှော့ချထားမှုကြောင့် အကျဉ်းသားများမှာ အာဟာရချို့တဲ့မှုများ ဖြစ်ပွား လျက်ရှိ ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ယမန်နေ့ (မေလ ၁၉ ရက်) တွင် သတင်းထုတ်ပြန်သည်။

အကျဉ်းထောင်အများစုက ကျွေးမွေးသည့် အစားအသောက်များတွင် အာဟာရပြည့်ဝစွာမရရှိ၍ အကျဥ်း သားများ ကိုယ်ခံအားကျဆင်းကာ ခန္ဓာကိုယ်အောက်ပိုင်း မလှုပ်ရှားနိုင်သည့် (ထောင်အခေါ် တုတ်ဆွဲမှု) ရောဂါဝေဒနာများ ခံစားနေရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PPNM ၏ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ အနည်းဆုံး ၂ လ လောက်ဝန်းကျင်လောက် ရှိနေပါပြီ။ အခုထောင်ကကျွေးတဲ့အစားအသောက်တွေဟာ အရင်တုန်းက သတ်မှတ်ထားတဲ့ ပမာဏ တွေထက် လျော့နည်းနေတာပါ။ ပိုပြီးလျော့နည်းနေတဲ့ ပမာဏကို ကျွေးတော့ ထောင်က အစားအ သောက်ကိုပဲ အမှီပြုနေရတဲ့ သူတွေအတွက် များစွာအခက်အခဲ ကြုံနေတယ်။ အာဟာရပြတ်လပ်မှု အခြေအနေတွေ နောက်ဆက်တွဲအနေနဲ့ တုတ်ဆွဲတာ ကိုယ်ခံအားကျဆင်းတာတွေ ကြုံနေရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်တွင် စီးပွားရေးအကျပ်အတည်းကြောင့် အကျဉ်းသားတို့၏ မိသားစုဝင်များက ထောင် ဝင်စာပုံမှန် မပို့နိုင်သည့်အတွက် များစွာသော အကျဉ်းသားတို့သည်ထောင်ကကျွေးသည့် အစားအ သောက်ကို အဓိက မှီခိုနေရသည်ဟုလည်း ကိုသိုက်ထွန်းဦးက ဖြည့်စွက်ပြောသည်။

အကျဉ်းထောင်အများစုတွင် ထိုကဲ့သို့ အသားရရှိမှုပမာဏ လျော့နည်းလာခြင်း၊ အာဟာရပြည့်ဝသည့် အစားအသောက်များကို စားသောက်ခွင့်မရရှိခြင်းတို့ကြောင့် ကိုယ်ခန္ဓာချိနဲ့၍ အောက်ပိုင်း မလှုပ်ရှား နိုင်သည့် အကျဉ်းသားများ အရေအတွက်များပြားလာပြီး မြင်းခြံအကျဉ်းထောင်တွင် စုစုပေါင်း လူဦးရေ၏ ၁၅ ရာခိုင်နှုန်းက ထိုသို့ တုတ်ဆွဲသည့် ဝေဒနာကို ခံစားနေကြရသည်ဟု PPNM ကဆိုသည်။

“အကျဉ်းထောင်ထဲ အကျဥ်းသားတွေအတွက် အစားအသောက် ပြည့်မီအောင် မလုပ်ဆောင်ပေးနိုင်ဘူး ဆိုရင် အနည်းဆုံးတော့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ အဲဒီလိုမှ မဟုတ်ရင် လုံလောက်တဲ့ နေရာထိုင်ခင်းနဲ့ အစားအသောက်ကို ပေးဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

PPNM ၏ ထုတ်ပြန်ချက်အရ မိတ္ထီလာအကျဉ်းထောင်၊ အိုးဘိုအကျဉ်းထောင်၊ ပုသိမ်ကြီး လူငယ်ထိန်း သိမ်းရေးကျောင်း၊ လွိုင်ကော်အကျဉ်းထောင်၊ ဒိုက်ဦးအကျဉ်းထောင်နှင့် ပုသိမ်အကျဉ်းထောင်တို့တွင် ကျွေးမွေးသည့် အစားအသောက် ပမာဏလျှော့ချခံနေရကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ အကျဉ်းထောင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုံလောက် စွာမရရှိခဲ့မှုများကြောင့် နိုင်ငံရေးအကျဉ်းသား ၉ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်- PPNM ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။