Home သတင်း သိန်းခွန်းတွင် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့် အတူ ဘက်ပြောင်း ခိုလှုံ

သိန်းခွန်းတွင် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့် အတူ ဘက်ပြောင်း ခိုလှုံ

871
Photo-မြိတ်ခရိုင်တပ်ရင်း(၃)

မေ၂၀ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် လက်ရှိစစ်ရေး တင်းမာနေသည့် သိန်းခွန်းရွာတွင် စစ်မှုထမ်းတပ်သားသစ် တစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း(၃)ထံသို့ လက်နက်အပြည့်အစုံဖြင့် ဘက်ပြောင်း ခိုလှုံလာခဲ့သည်ဟု အဆိုပါ တပ်ရင်းက မေ ၂၀ ရက်နေ့တွင် ထုတ်ပြန်ပြောသည်။

ဘက်ပြောင်း ခိုလှုံလာသူ စစ်ကောင်စီတပ်သားသည် ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ် အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း(ခမရ-၄၃၁) တပ်ရင်းမှ တပ်သား ချစ်ကို ဆိုသူဖြစ်ပြီး ပြီးခဲ့သည့် မေလ(၁၅)ရက်နေ့ တွင် ရှေ့တန်းရောက်နေချိန် ဆက်သွယ်ပြီး ဘက်ပြောင်းခိုလှုံလာခြင်းဖြစ်သည်။

တပ်သား ချစ်ကိုသည် ယခင်က ကရင်ပြည်နယ်၊ မြဝတီမြို့နယ် နေထိုင်သူတစ်ဦးဖြစ်ပြီး ဘက်ပြောင်းခိုလှုံစဉ် ၎င်းနှင့် အတူ MA1 သေနတ်တစ်လက်နှင့် ကျည်ဘောက်သုံးခုကို ယူဆောင်လာကြောင်း မြိတ်ခရိုင် ၊ တပ်ရင်း – ၃ က ပြောသည်။

လက်ရှိ တနင်္သာရီ စစ်မြေပြင်တွင် စစ်ကောင်စီဘက်က စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များကို အများအပြား အသုံးပြုနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ပြီးခဲ့သည့် မေလ ၉ ရက်နေ့တွင်လည်း ဘုတ်ပြင်းအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ-၂၂၄) တပ်ရင်းမှ အတင်းအဓ္ဓမစစ်မှုထမ်းရန် စုဆောင်းခိုင်းစေခံရသူ သင်တန်းဆင်း တပ်သားနှစ်ဦး ကေအဲန်ယူ၊ တပ်မဟာ-၄ တပ်ရင်း (၁၁) ထံသို့ လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံခဲ့သည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်လည်း စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်း အတွက် စုဆောင်း ခြင်းခံရသည့် လူငယ် ၁၆ ဦး စစ်တပ်မှ ပြန်လည် ထွက်ပြေးဖြစ်ခဲ့ပြီး ၎င်းတို့အနက်မှ ၂ ဦး၊ မြိတ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(ပကဖ)ထံ ၂၀၂၅ ခုနှစ်၊ မတ် ၆ ရက်နေ့တွင် ခိုလှုံလာသည်ဟု မြိတ် (ပကဖ) တာဝန်ရှိသူက ပြောသည်။