Home သတင်း PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က အိမ် ၄၀ လုံးကျော်ကို မီးရှို့ဟု SHRF ပြော

PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က အိမ် ၄၀ လုံးကျော်ကို မီးရှို့ဟု SHRF ပြော

412
Photo -SHRF

မေ ၂၁ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စန့်စွဲကျေးရွာရှိ နေအိမ်အလုံး(၄၀)ကျော်ကို ပအိုဝ်းအမျိုးသား အဖွဲ့ ချုပ်(PNO )ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့သည်ဟု ရှမ်းလူ့အခွင့် အရေး မဏ္ဍိုင်(SHRF) က ထုတ်ပြန် ပြောသည်။

ပြီးခဲ့သည့် မေ ၁ ရက်နေ့မှစ၍ မေ ၁၃ ရက်နေ့အထိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ ဝင်များ စန့်စွဲကျေးရွာရှိ ပြည်သူပိုင်နေအိမ်အလုံး(၄၀)ကျော်ကို မီးရှို့ဖျက်ဆီးပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို လုပ်ဆောင်ခဲ့သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်ဟန်က ယခုလိုပြောသည်။

“အခုက စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက ပြည်သူတွေအပေါ်ကို သတ်ဖြတ်တာတွေ၊ နေအိမ်တွေကိုမီးရှို့ ဖျက်ဆီးတာတွေကို လုပ်ဆောင်နေတာက လူ့အခွင့်အရေးချိုးဖောက်မှု တစ်ခုဖြစ်တယ်။ အဲ့တာနဲ့ ပက်သက်ပြီး တော့လည်း နောင်တစ်ချိန်မှာ အရေးယူနိုင်ဖို့အတွက်မှတ်တမ်းတွေကို သိမ်းဆည်းထားပါတယ်”ဟု ယိင်းလျန်ဟန် က ပြောသည်။

စန့်စွဲကျေးရွာတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် PNO ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် မေ (၉) ရက်နေ့တွင်လည်း စန့်စွဲကျေးရွာအပြင်ရှိ တောင်ယာကိုစောင့်နေသည့် အသက် ၅၄ နှစ်အရွယ် လယ်သမား လုံကျင်းဆိုသူကို ဖမ်းဆီးပြီး လည်ပင်းကို ဓားဖြင့်လှီးကာ သတ်ဖြတ်မှုများလည်း လုပ်ဆောင်ခဲ့ ကြောင်း SHRF က ထုတ်ပြန် ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ဝင်များမှ လုံကျင်း ဆိုသူကိုသတ်ဖြတ်ပြီး နောက် ၎င်းနှင့်အတူပါလာသည့် ငွေကျပ် ၉,၇၀၀,၀၀၀ ကိုလည်း လုယူသွားခဲ့သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ထပ်မံ ပြောဆိုသည်။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့တွင်လည်း ဖယ်ခုံမြို့နယ် နယ်စပ်အနီး၊ ညောင်ရွှေမြို့နယ် တောင်ပိုင်းနှင့် ဆီဆိုင်မြို့ နယ် ကြားတွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်ပူးပေါင်း တပ်သား ၂၀၀ ကျော် လာရောက်တပ်ဖြန့်ထား သောကြောင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထို့အပြင် မေ ၁၂ ရက်နေ့၊ နေ့လည် ၁၁ နာရီဝန်းကျင်တွင် စန့်စွဲကျေးရွာအနောက်တောင်ဖက် ၉ ကီလိုမီတာ အကွာရှိ လင်လမ်ကျေးရွာအုပ်စု၊ တောင်ပို့ကွဲကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် တောင်ပို့ကွဲဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးသွားသည်။

အလားတူ မေ ၁၃ ရက်နေ့တွင် စစ်ကောင်စီက စွန့်စွဲ ရွာနှင့် မလှမ်းမကမ်းရှိ နားကုန်းကျေးရွာကို ဗုံးကြဲမှုကြောင့် နေအိမ် သုံးလုံးပျက်စီးသွားခဲ့သည်ဟု SHRF သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။