Home သတင်း နယ်စပ် စစ်စခန်းသိမ်းတိုက်ပွဲကြောင့် စစ်ရှောင် ၄၀၀ ကျော် ထိုင်းနိုင်ငံဘက် ထပ်ရောက်လာ

နယ်စပ် စစ်စခန်းသိမ်းတိုက်ပွဲကြောင့် စစ်ရှောင် ၄၀၀ ကျော် ထိုင်းနိုင်ငံဘက် ထပ်ရောက်လာ

925
Photo- Social Media

မေ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇)ထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင် ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီခြေစိုက် မယ်လစခန်းတွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဒေသခံ စစ်ရှောင် ၄၁၄ ဦး ထိုင်းနိုင်ငံ၊ တာ့ဆောင်ယန်းမြို့နယ်ထဲသို့ ထပ်မံထွက်ပြေးရောက်ရှိလာကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြသည်။

Photo: Social Media

ယမန်နေ့ မေလ ၁၄ ရက်နေ့ညပိုင်းမှ စတင်ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်မှ ပိုင်ကျုံမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အဆိုပါစခန်းကို စတင်တိုက်ခိုက် နေခြင်းဖြစ်သည်ဟုလည်း စစ်ရှောင်နေရသည့် ဒေသခံအချို့ထံမှ သိရသည်။

စစ်ရှောင်သူများတွင် အမျိုးသမီးနှင့်ကလေးငယ် အများစုပါဝင်ပြီး ထိုင်းအာဏာပိုင်များဘက်က တာ့ ဆောင် ယန်းမြို့နယ်၊ မယ်လမြို့နယ်ခွဲအတွင်း ယာယီစစ်ရှောင်ရာနေရာများ ချထားအကူအညီပေးကြောင်း ထိုင်းသတင်းအရင်းအမြစ်များက ဖော်ပြသည်။

“စခန်းကရွာနဲ့တအားနီးလို့ အခုထိုင်းဘက်မှာစစ်ရှောင်နေတယ်။ မနေ့ညကအထိ အနောတို့ကရွာမှာနေတုန်းပဲ။ ဒီမနက်မှထိုင်းဘက်ကူးလာတာ။ တခြားရွာတွေက တာလယ်ကိုမသိမ်းခင်ကတည်းက ရှောင်နေကြတယ်။ အခုဒီ ဘက်မှာဆို ရွာ လေး၊ငါးရွာလောက် ရှောင်တာရှိမယ်။ ထိုင်းဘက်ရောက်တော့ တချို့က အသိအိမ် တွေမှာ လိုက်နေကြတာလည်းရှိတယ်” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ယနေ့မွန်းလွဲပိုင်းတွင် ကေအိုင်စီသို့ ပြောသည်။

Photo- Social Media

စစ်ရှောင်များအတွက် ထိုင်းအာဏာပိုင်များက နှစ်နေရာခွဲ၍နေရာပေးထားသလို သက်ဆိုင်ရာ တာဝန်ရှိ ထိုင်းတပ်ဖွဲ့ဝင်တို့ကလည်း နယ်စပ်အခြေအနေကို စောင့်ကြည့်လျက်ရှိသည်ဟု ဆိုသည်။

ယခုမေလအတွင်း တပ်မဟာ(၇)နယ်မြေ၊ ပိုင်ကျုံမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ တခေါ်ဘီခွီးစခန်းနှင့် တာလယ်စခန်းများကို KNLA ပူးပေါင်းတပ်က သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။ စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် စခန်းများအနီးဝန်းကျင်မှရွာများ ထိုင်းဘက် အကြိမ်ကြိမ် စစ်ရှောင်ရောက်ရှိလာကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။