Home သတင်း ကော့ကရိတ်ရှိ အောင်ဇေယျစစ်ကြောင်း ကွပ်ကဲရေးစခန်းကို တော်လှန်ရေးတပ်များ ထိုးစစ်ဆင်နေ

ကော့ကရိတ်ရှိ အောင်ဇေယျစစ်ကြောင်း ကွပ်ကဲရေးစခန်းကို တော်လှန်ရေးတပ်များ ထိုးစစ်ဆင်နေ

729

မေ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမကြီး မြောက်ဘက် တတန်ကူးရွာရှိ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်း နောက်တန်း ကွပ်ကဲရေးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA မဟာမိတ် ပူးပေါင်းတပ် များက ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တတန်ကူးရွာထိပ်၊ ရွှေကြက်မင်းရှေးဟောင်းဘုန်းကြီးကျောင်း၌ အထိုင်ချပြီး အောင်ဇေယျစစ်ဆင်ရေးအတွက် ကွပ်ကဲညွှန်ကြားမှု လုပ်ဆောင်သည့် ထိုစခန်းကို တော်လှန်ရေးတပ်များက ယခင်က ပိတ်ဆို့ထားသည့် အနေအထားမှ ယခုထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု စစ်ရေးနယ်မြေ ထောက်ပို့သတင်းအရင်းအမြစ်က ယခုလို ပြောသည်။

“အရင်ကတော့ ရွှေကြက်မင်းကျောင်းထဲက စကစကို ဖြတ်ပိတ်ထားတာပေါ့။ အခုကတော့ ထိုးစစ်လုပ်ပြီးသိမ်းဖို့ တိုက်နေပြီ၊ သူတို့လည်း လေယာဉ်ခေါ်ပြီး Y12 က နေ့တိုင်းလာကြဲနေတယ်။ ” ဟု ၎င်းက ပြောသည်။

ထို့အပြင် မေ ၁၄ ရက်နေ့က ကော့ကရိတ်၊ အာရှလမ်းမ မြဝတီမြို့ဘက် အသွားလမ်းပေါ်ရှိ ရွာသစ်ကုန်း ရွာထိပ်ရှိ စစ်ကောင်စီ အောင်ဇေယျ စစ်ဆင်ရေးတပ် ကာကင်းစခန်းတစ်ခုကို KNLA မဟာမိတ် ပူးပေါင်းတပ်များက တိုက် ခိုက်သိမ်းယူခဲ့ပြီဖြစ်သည်ဟု မြေပြင်စစ်ရေး သတင်းရင်းမြစ်က သတင်းပို့ ပြောသည်။

“တတန်ကူး၊ ရွာသစ်ကုန်း အာရှလမ်းဘေးက BGF စစ်ကတုတ်ပေါ့၊ အဲ့ဒီ့နေရာကို အခုက အောင်ဇေယျတွေ ကာကင်း ထိုင်ထားတာ အာရှလမ်းကိုတပ်စွဲထားတဲ့ ကင်းပေါ့။ စကစ အရာရှိတစ်ယောက်နဲ့ အခြားအဆင့်ရဲဘော် တွေ ကျသွားတယ်။ သူ့အရှေ့ တတန်ကူးရွာထိပ်မှာက ရွှေကြက်မင်းကျောင်း နောက်တန်းကွပ်ကဲရေးစခန်းပေါ့၊ အခု ရတာက ကင်းကတုတ်ကို သိမ်းတာ။ ရွှေကြက်မင်း စကစတွေကို ဆက်တိုက်နေတုန်းပဲ” ဟု ကော့ကရိတ်ရှိ တော်လှန်ရေးစစ်ကြောင်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

ကော့ကရိတ်တွင် လက်ရှိ စစ်ကောင်စီ တပ်များက ၎င်းတို့၏ တပ်ရင်း၊ ဌာနချုပ် စစ်စခန်း၊ ရှေ့တန်း အထိုင်ချရာ နေရာများမှ လက်နက်ကြီး၊ ဒရုန်းများဖြင့် ကျေးရွာများဘက်သို့ ပစ်ခတ်တိုက်ခိုက်နေသလို လေကြောင်းမှ ကင်းထောက် လေယာဉ်၊ တိုက်လေယာဉ်တို့ဖြင့် နေ့စဉ် ဗုံးကြဲတိုက်ခိုက် အနည်းဆုံး နှစ်ကြိမ် ထက်မနည်း ပြုလုပ် နေသည်ဟု စစ်ရေးနယ်မြေ သတင်းရင်းမြစ်များက ပြောသည်။