မေလ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇) နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းတပ်ဖွဲ့ စစ်သည်များအား ယနေ့ မေလ ၂၁ ရက်နေ့တွင် ဒေသခံလူထုများက ဂုဏ်ပြုပွဲအစီအစဉ်တစ်ရပ် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
တပ်မဟာ(၇) နယ်မြေ၊ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ မော်ဖိုးခီး (မော်ဖိုးကေ) စခန်းအပြင် မော်ဖားသူး၊ တာလယ်၊ တခေါ်ဘီခွီး၊ ပူလူးတူ၊ ခလယ်ဒေး၊ မော်ကွီးလုနှင့် လေးဝေါ်စသည့် စစ်ကောင်စီ ခြေကုပ်စခန်း ၈ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်သည့် တိုက်ပွဲဝင် စစ်သည်များအား ပြည်သူလူထုများက ယခုလိုဂုဏ်ပြုပေးခြင်းလည်း ဖြစ်သည်။
KNLA တပ်ရင်း(၂၂) မှ တာဝန်ရှိသူတစ်ဦးက “ တိုက်ပွဲဝင်တဲ့ရဲဘော်တွေကို လူထုတွေက အဓိကသူတို့ ဂုဏ်ပြု ပေးတာဖြစ်တယ်။ ဘာဖြစ်လဲဆိုရင် နယ်မြေဒေသ တည်ငြိမ်အေးချမ်းဖို့အတွက် စစ်ကောင်စီတွေကို တိုက်ထုတ်ပေးတဲ့အတွက် နယ်မြေငြိမ်းချမ်းလာတော့မှာကို မျှော်လင့်နေတဲ့ပြည်သူတွေက စိတ်အား ထက်သန်စွာနဲ့ တိုက်ပွဲဝင်ရဲဘော်တွေကို သူတို့ဂုဏ်ပြုပေးတာဖြစ်တယ်။ ”ဟု ပြောသည်။
ကေအဲန်ယူ တပ်မဟာ (၇) ထိန်းချုပ်နယ်မြေ တစ်နေရာတွင် ကျင်းပသည့် အဆိုပါ အောင်ပွဲရ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၂၂)၊ တပ်ရင်း (၁၀၁) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO စစ်သည်များဂုဏ်ပြုပွဲ အစီအစဥ်ကို ကရင်အမျိုးသမီးအစည်းအရုံး-KWO အပါအဝင် ဒေသခံစုစုပေါင်း (၁၀၀) နီးပါး တက်ရောက်ဂုဏ်ပြုပေးခဲ့ကြသည်။
“ဒီဟာက တစ်ဆင့်လုပ်နိုင်သွားပြီးပေါ့။ နောက်ထပ်ဆက်လုပ်ရမှာတွေလည်း ရှိသေးတယ်။ ဒါကြောင့်မို့ လိုအပ်ရင် ကျနော်တို့ သွားတိုက်ရမယ်။ ရဲဘော်တွေဆိုတာ အမြဲအဆင်သင့် ကြိုတင်ပြင်ဆင် လုပ်ထားရမယ်ဆိုတာ ပြောချင်ပါတယ်” ဟု ထို KNLA တပ်ရင်း(၂၂) မှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။
KNLA နှင့် KNDO တို့ ပူးပေါင်းတပ်ဖွဲ့သည် ကေအဲန်ယူ တပ်မဟာ (၇)ထိန်းချုပ်နယ်မြေရှိ စစ်ကောင်စီ၏ နယ်စပ် ခြေကုပ်စခန်းများကို မတ်လမှ စတင်ကာ တိုက်ခိုက်ရှင်းလင်းမှု လုပ်ဆောင်ရာတွင် မေလ ၁၉ ရက်နေ့အထိ စစ်ကောင်စီ၏ စစ်စခန်း (၈)ခု တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။