မေလ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် ကရင်တိုင်းရင်းသားရေးရာစာပေနှင့်ယဉ်ကျေးမှုအသင်း၊ မြို့နယ် ကရင် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (KYDA) နှင့် AKY တို့မှ ပူးပေါင်း ဖွင့်လှစ်ပေးသည့် နွေရာသီအခြေခံ အင်္ဂလိပ်စာ သင်တန်းကို ယမန်နေ့က သင်တန်းဆင်းပွဲပြုလုပ်ပေးခဲ့သည်။
သင်တန်းကို ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်းအုပ်စု၊ ညောင်ဝိုင်းကြီးကျေးရွာတွင် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး အဆင့်မြင့်ပညာရေး လက်လှမ်းမီမှု အားနည်းနေသည့် ကလေးငယ်များအတွက် ရည်ရွယ်ကာ ယခုနှစ် ဧပြီလ (၂၀) ရက်မှ မေလ ၂၀ ရက်နေ့အထိ တစ်လတာသင်ကြားပေးခဲ့ကြောင်း ဦးဆောင်သူများက ပြောသည်။
“ဒီသင်တန်းက အင်္ဂလိပ်ဘာသာရပ်နဲ့ ကလေးငယ်တွေရင်းနှီးစေဖို့ လေ့လာမှုအားပိုမိုကောင်းမွန်စေဖို့ လူငယ် ကနေ လူငယ်ကို ဦးဆောင်ပြီး စွမ်းရည်ပြည့်ဝတဲ့ မျိုးဆက်သစ် လူငယ်ခေါင်းဆောင်တွေ ပေါ်ထွန်း လာစေဖို့ ချိတ်ဆက်လုပ်ဆောင်မှုတွေ ပိုမိုလုပ်ဆောင်လာနိုင်စေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်ပေးတာဖြစ်ပါတယ်” ဟု ဦးဆောင်ပါဝင်သူ ညောင်တုန်း ကရင်လူငယ်တစ်ဦးက ပြောသည်။
အဆိုပါ သင်တန်းကို အသက် (၈)နှစ်မှ (၁၄)နှစ်အရွယ်ကလေးငယ် (၆၀)ဦး ပါဝင်တက်ရောက်ခဲ့ပြီး အင်္ဂလိပ်စာဘာသာရပ်အပြင် အခြာသော အထွေထွေဗဟုသုတဆိုင်ရာသင်ကြားပေးမှုများလည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။
ညောင်တုန်းမြို့နယ် ကရင်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(KYDA)ကို စတင်ဖွဲ့စည်းချိန်က စပြီး ညောင်တုန်း မြို့နယ်အတွင်း လူငယ်စွမ်းရည်မြင့်သင်တန်း၊ နွေရာသီကရင်စာပေသင်တန်း၊ အခြေခံ ကွန်ပျူတာ သင်တန်းနှင့် အခြေခံ အင်္ဂလိပ်စာသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။