မေ ၂၁ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ လေးတိုင်ကျေးရွာသို့ စစ်ကောင်စီက မေ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ဗုံးကြဲတိုက် ခိုက်ခဲ့ရာ ဒေသခံ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဗုံးစထိမှန် သေဆုံးသွားသည်ဟု ဒေသခံသတင်းရင်းမြစ် က ပြောသည်။
စစ်ကောင်စီ ဂျက်တိုက်လေယာဉ်သည် မေ ၂၀ ရက်၊ နေ့လည် ၁၂ နာရီ အချိန်တွင် ကင်းထောက်ပျံသန်းပြီး နောက် မွန်းလွဲ ၂ နာရီ ကျော်ချိန်တွင် အံကောင်ကျေးရွာ အထက်ဘော့ဒိုင်း စာသင်ကျောင်းသို့ ဗုံး တစ်လုံး ကြဲချ ခဲ့သော်လည်း လူထိခိုက်မှု မရှိကြောင်း၊ ထိုမှတစ်ဆင့် ကျုံဒိုးလေးတိုင်ရွာသို့ ဗုံးကြဲရာတွင် ဒေသခံ ၂ ဦး သေဆုံး သွားသည်ဟု ကျုံဒိုးဒေသခံ သတင်းရင်းမြစ်က ယခုလို ပြောသည်။
“ဂျက်လေယာဉ်က အမြင့်ကြီးကနေ ကင်းထောက်နေတာ၊ တစ်မနက်လုံးပေါ့၊ ဟောင်သရောအံကောင်၊ ဘော့ဒိုင်း ဘက်သွားကြဲ ပြီးတော့၊ ကျုံဒိုးဘက် ပြန်လာကြဲတာမှာ ညီညာသာလင်းကွက်သစ်က ဦးဖြူအုန်းသီးခြံနား ဗုံးကျ တော့ စစ်မရှောင်ဘဲနေကြတဲ့သူတွေထိကုန်တယ်။ အမျိုးသမီးတစ်ဦးက ထိချက်ပြင်းပြီး ဆုံးတယ်၊ အမျိုးသား တစ်ဦးက ပေါင်ပြတ်ထွက်ဒဏ်ရာက သွေးလွန်ပြီးဆုံးတယ်။ အခုထိလက်နက်ကြီးတွေ ဒရုန်းတွေ ကျနေတုန်းပဲ” ဟု ၎င်းက ပြောသည်။
ထိုအပြင် လေးတိုင်ရွာ ရသေ့ကုန်းဘက်သို့ စစ်ကောင်စီ တိုက်လေယာဉ်က အတွဲလိုက်ဗုံး (ကလက်စတာ)ဗုံးများ ကြဲချ တိုက်ခိုက် သော်လည်း အရပ်သားထိခိုက်မှုမရှိကြောင်း အခြေအနေကို သိထားသူ လေးတိုင်ကျေးရွာ စစ်ရှောင် ရွာသားတစ်ဦးက ပြောသည်။
လတ်တလောတွင် မေ ၁၅ ရက်နေ့မှစ၍ နေ့စဉ်နီးပါး စစ်ကောင်စီ ခြေမြန်တပ်ရင်း-ခမရ (၅၄၅)၊ (၅၄၆) တပ်ရင်းက လက်နက်ကြီး ပစ်ခတ်ခြင်း၊ ကျုံဒိုးအခြေခံပညာ အထက်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ ဒရုန်းတပ်ဖွဲ့က ဒရုန်း ဖြင့် ဗုံးကြဲခြင်းများကို နွားခြံကုန်း၊ အင်းကြီး၊ မိဂလုံ၊ လေးတိုင်၊ ငါးတိုင်း ကော့ဝါလဲ ရွာများဘက်သို့ တိုက်ခိုက်မှုများပြုလုပ်နေသည်ဟု သိရသည်။
လက်ရှိ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းသို့ စစ်ကောင်စီက စစ်ကြောင်းထိုးရန် ပြင်ဆင်နေသလို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- KNLA၊ မဟာမိတ် ပူးပေါင်းတပ်များက ကိုးတိုင်၊ နဘူးလမ်းပိုင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကစ-၁၂) ကာကင်းစခန်းများကို တိုက်ခိုက်မှုများ ဆက်ရှိနေသည်ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။