Home သတင်း သထုံ အမတ-၄၀၂ မှ တပ်သား ၃ ဦး ကေအဲန်ယူထံ လက်နက်အပ်နှံ ပူးပေါင်း

သထုံ အမတ-၄၀၂ မှ တပ်သား ၃ ဦး ကေအဲန်ယူထံ လက်နက်အပ်နှံ ပူးပေါင်း

587
Photo- ကေအဲန်ယူ-ဒူးသထူခရိုင်

ဇန်နဝါရီ ၂၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ၊ တပ်မဟာ -၁ ၊ ဒူးသထူး (သထုံ)ခရိုင်၊ သထုံမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် -၄၀၂ အမြောက်တပ်မှ တပ်သား ၃ ဦးသည် ယနေ့ (ဇန်နဝါရီ ၂၅ ရက်) တွင် ဒေသတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ထံ လက်နက်အပ်နှံ အလင်းဝင် ပူးပေါင်းခဲ့သည်ဟု ကေအဲန်ယူ-သထုံမြို့နယ် တာဝန်ရှိသူက ပြောသည်။

ယခုလို လက်နက်အပ်နှံ လာရောက်ပူးပေါင်းသူများကို ကေအဲန်ယူ၊ သထုံမြို့နယ်တာဝန်ရှိသူများက ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး တစ်ဦးကို ကျပ် ၁၀ သိန်းစီ ချီးမြှင့်ပေးခဲ့သည်ဟု ကေအဲန်ယူ သထုံမြို့နယ် တာဝန်ရှိသူ တစ်ဦးက ယခုလို ပြောသည်။

Photo- ကေအဲန်ယူ-ဒူးသထူခရိုင်

“စစ်ကောင်စီ အမြောက်တပ် ၄၀၂ က တပ်သား ၃ ဦးက ဒီနေ့ လက်နက်နဲ့ အတူ ကျနော်တို့ဆီကို လာပူးပေါင်း ပါတယ်။ သူတို့ တွေက စစ်ကောင်စီ တပ်ထဲမှာ သင်တန်းတက်ခဲ့တာ တစ်နှစ်လောက်ပဲရှိသေးတယ်။ သူတို့ကို ရှေ့ တန်းပို့တာ ၃ လ ရှိပြီး။ သူတို့က အစကတည်းက မလုပ်ချင်ဘူး အခြေအနေပေးရင် လာပူးပေါင်းဖို့၊ အခွင့်အခါ သင့်ချိန်ကို စောင့်နေတာ အခုလို လက်နက်လည်း ကိုင်ရပြီး အခြေအနေပေးတော့ လာပူးပေါင်းတာပါ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

Photo- ကေအဲန်ယူ-ဒူးသထူခရိုင်

အဆိုပါ စစ်ကောင်စီတပ်သား ၃ ဦး တို့နှင့်အတူ သေနတ် ၃ လက်နှင့် လက်ပစ်ဗုံး၊ သေနတ် ကျည်ဆံများ ပါရှိလာ သလို ၎င်းတို့ကို ဒေသတွင်းရှိ ကေအဲန်ယူတာဝန်ရှိသူများက ကြိုဆိုပြီး ကောင်းမွန်စွာစောင့်ရှောက် ထားသည်ဟု ကနဦး သိရသည်။