Home သတင်း နိုင်ငံရေးအကျဥ်းသားဟောင်းများ ရင်ဆိုင်ရသော အခက်အခဲများကို စုပေါင်းကူညီရန် AAPP တောင်းဆို

နိုင်ငံရေးအကျဥ်းသားဟောင်းများ ရင်ဆိုင်ရသော အခက်အခဲများကို စုပေါင်းကူညီရန် AAPP တောင်းဆို

572
Photo: AAPP

ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

အကျဉ်းထောင်အတွင်းမှ ပြန်လည်လွတ်မြောက်လာ‌သော နိုင်ငံရေးအကျဥ်းသားဟောင်းများ ရင်ဆိုင်နေရသည့် အခက်အခဲပြဿနာများကို ကူညီပံ့ပိုးပေးရန် အချက် (၆) ချက်ဖြင့် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက် ရေးအသင်း- AAPP က ကုလသမဂ္ဂနှင့် အာဆီယံနိုင်ငံများအား ယမန်နေ့ (ဇန်နဝါရီလ ၂၈ ရက်) နေ့ တွင် အစီရင်ခံစာထုတ်ကာ တိုက်တွန်းတောင်းဆိုလိုက်သည်။

နိုင်ငံရေးအကျဥ်းသားများ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် ရင်ဆိုင်နေရသည့် အခက်အခဲများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပြန်လည်လွတ်မြောက်သည့် နောက်ပိုင်း၌ ကြုံတွေ့နေရသော စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ပြဿနာများအကြောင်း ပါဝင်သည့် “ ရှင်သန်‌ရေးတိုက်ပွဲ” အမည်ရှိ ထုတ်ပြန်သော အစီရင်ခံစာတွင် ထိုသို့ ထည့်သွင်းတောင်းဆိုလိုက်ခြင်း ဖြစ်သည်။

လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူများ၏ တိုးတိတ်နေသောအသံကို ကျယ်လောင်စွာ ထွက်ပေါ်လာအောင် ဆောင်ရွက်ပေးနိုင်ရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာ ခေါင်းဆောင်များက ထိုတရား မျှတမှုအတွက် အလေးပေးဆောင်ရွက်ရန် တိုက်တွန်းစေလိုသော ရည်ရွယ်ချက်ဖြင့် AAPP က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ ရှင်သန်ခြင်းတိုက်ပွဲ” အစီရင်ခံစာအရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွတ်မြောက်ပေးရေးနှင့် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပြန်လည်ထူထောင်ရေးစသည့် အချက်များအပါအဝင် စုစုပေါင်း (၆) ချက်ကို တောင်းဆိုထားခြင်း ဖြစ်သည်။

ထို့အပြင် နိုင်ငံရေးအကျဥ်းသားဟောင်းများအား နိုင်ငံရေးကိစ္စရပ်များတွင် လွတ်လပ်စွာ ပါဝင်ဆောင်ရွက်ပေးရန်၊ အသွင်ကူးပြောင်းရေးကာလတွင် တာဝန်ခံမှုလုပ်ငန်းစဉ်များနှင့် လူ့အခွင့်အရေးချိုးဖေါက်မှုများကို သက်သေအထောက်အထားများ စုဆောင်းထား‌ပေးရန်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် စစ်ကောင်စီအား ဖိအားပေးရန် လိုအပ်ကြောင်းလည်း AAPP က တိုက်တွန်းထားသည်။

“ နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းကျနေစဉ်နဲ့ အကျဉ်းကျပြီးနောက်မှာ ကြုံတွေ့ခဲ့ရသော ထိခိုက် နစ်နာခံစားခဲ့ရသည့် ဝေဒနာတွေကို ကြံ့ကြံ့ခံရင်ဆိုင် နေကြပါတယ်။ စစ်အာဏာရှင်ရဲ့ အတိုင်းအဆမဲ့ ကျူး လွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အဆုံးသတ်ဖို့နဲ့ ရှင်သန်ကျန်ရစ်သူတွေကို ကူညီပံ့ပိုးပေးဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပါဝင်ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းတောင်းဆိုပါတယ်။” ဟု AAPP ၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က အစီရင်ခံစာတွင် ထည့်သွင်းပြောဆိုသည်။

၎င်းအပြင် နိုင်ငံရေးကျဉ်းသားများအနေဖြင့် အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာပြီးနောက်တွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရမှုများ၊ စီးပွားရေး၊ ကျန်းမာရေးပြဿနာများနှင့်အတူ အချိန်ပြည့် စောင့်ကြည့်ခံရခြင်းတို့ကြောင့် အတည်တကျ နေထိုင်နိုင်ရန် အခက်အခဲများစွာကို ရင်ဆိုင်တွေ့ကြုံ နေရသောကြောင့် ယခုလို တိုက်တွန်းတောင်းဆိုရခြင်း ဖြစ်သည်ဟု AAPP က ဆိုသည်။

ယခု အစီရင်ခံစာကို အာဏာသိမ်းကာလအတွင်း တရားလက်လွှတ် ဖမ်းဆီးခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်းနှင့် ဥပဒေမဲ့ ပြစ်ဒဏ်ပေးခံရခြင်းများ အပါအဝင် လွတ်မြောက်လာပြီးအချိန်အထိ ဖိနှိပ်ချုပ်ချယ်ခံရမှု ဆက်လက် ရှိနေသည့် အချက်အလက်များကို ဖော်ထုတ်ရန် AAPPနှင့် အတူ ဒိန်းမတ်နိုင်ငံ အခြေစိုက် DIGNITY အဖွဲ့တို့မှ ပူးပေါင်းရေးသားခဲ့သည်ဟု အရင်ခံစာ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

AAPP ၏ ဇန်နဝါရီလ ၂၈ ရက်နေ့အထိ ပြုစုထားသည့် အချက်အလက်များအရ စစ်တပ်အာဏာသိမ်း ကာလအတွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူနှင့် အရပ်သားပြည်သူ စုစုပေါင်း ၆,၂၂၄ ဦး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။