Home သတင်း နယ်စပ်ဒုက္ခသည်စခန်းများ၌ ကျန်းမာရေးအပါအဝင် ဝန်ဆောင်မှု ကဏ္ဍ ၃ ခု ဇန်နဝါရီကုန်မှစ၍ ရပ်စဲမည်

နယ်စပ်ဒုက္ခသည်စခန်းများ၌ ကျန်းမာရေးအပါအဝင် ဝန်ဆောင်မှု ကဏ္ဍ ၃ ခု ဇန်နဝါရီကုန်မှစ၍ ရပ်စဲမည်

602
Photo: CJ

ဇန်နဝါရီ ၂၈ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ၌ ယခု ဇန်နဝါရီ ၃၁ ရက်နေ့မှ စတင်၍ International Rescue Committee (IRC)က ထောက်ပံ့ပေးနေသည့် ကျန်းမာရေးအပါအဝင် ကဏ္ဍ ၃ ခုကို ဇန်ဝါရီလကုန်မှစ၍ လုံးဝ ရပ်စဲသွားမည်ဟု ကရင်ဒုက္ခသည်များကော်မတီ (KRC)အတွင်းရေးမှူး စောပွယ်စေးက ပြောသည်။

အဆိုပါ ဒုက္ခသည်စခန်းများအားလုံး၌ IRC က ထောက်ပံ့ပေးနေသည့် ကျန်းမာရေးစောင့်ရှောက်မှု၊ အမှိုက်သိမ်း စနစ်နှင့် သောက်သုံးရေရရှိရေးစသည့် ကဏ္ဍ ၃ ခုကို လုံးဝရပ်စဲသွားမည်ဖြစ်ကာ ရက်ပေါင်း ၉၀ အတွင်း ကိုယ်ထူ ကိုယ်ထပုံစံဖြင့် လည်ပတ်ရမည်ဖြစ်သည်ဟု စောပွယ်စေးက ယခုလိုပြောသည်။

“ဒီကဏ္ဍ ၃ ခုကတော့ လုံးဝရပ်ဖို့ ၁၀၀ ရာခိုင်နှုန်းဖြစ်သွားပြီး၊ IRC ထောက်ပံ့မှုအောက်က ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထောက်ပံ့မှုအပြင်၊ ဝန်ထမ်းတွေ ပြီးတော့ စခန်းထဲက ဝန်ထမ်းတွေအားလုံး အလုပ်ရပ်လိုက်ပြီး။ ကျန်းမာရေးအပိုင်းက ရက်ရှည်ဆေးစွဲသောက်ရတဲ့ TB လို ရောဂါမျိုးကိုလည်း IRC ဘက်က နောက်ထပ် တစ် ပတ်စာလောက်ပဲ ပေးလို့ရတော့တယ်ပြီးရင်တော့ လုံးဝရပ်လိုက်ပြီးပေါ့” ဟု ၎င်းက ကေအိုင်စီသို့ ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။

အဆိုပါဒုက္ခသည်များကို ကူညီထောက်ပံ့မှုရပ်လိုက်သည့်ကိစ္စနှင့်ပတ်သက်၍ IRC တာဝန်ရှိသူဘက်မှ ကရင်ဒုက္ခ သည်များကော်မတီ၊ မယ်လဒုက္ခသည် စခန်းကော်မတီ၊ ထာ့ဆောင်ယန်းမြို့နယ် တာဝန်ရှိသူ၊ ထာ့ဆောင်ယန်း ဆေးရုံတာဝန်ရှိသူများနှင့် မယ်လဒုက္ခသည်စခန်းတာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံတစ်ခုပြုလုပ် ခဲ့ပြီးနောက် ယခုလို ရပ်စဲလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မယ်လဒုက္ခသည်စခန်းရှိ အောက်စီဂျင်နှင့် အသက်ရှူရသည့် အရေးပေါ်လူနာအချို့ ကျန်ရှိနေ သေးကာ ဒုက္ခသည် စခန်းမှ IRC အစီအစဉ်ဖြင့် မဲဆောက်မြို့သို့ ဆေးသွားရောက်ကုရသည့် လူနာများကိုလည်း ယနေ့ ဇန်နဝါရီ ၂၈ရက်နေ့တွင် အားလုံးဆေးရုံ ဆင်းရတော့မည် ဖြစ်သည်ဟု သိရသည်။

ဒုက္ခသည် စခန်းအတွင်းရှိ နေထိုင်သူများသည် အလှူရှင်အဖွဲ့အစည်းများ၏ ထောက်ပံ့မှုများနှင့် ရှင်သန်ရပ်တည် နေရသည့်အတွက် ဆက်လက်ကူညီပေးမည့် အဖွဲ့များ ရှိလာရန် မျှော်လင့်နေသည်ဟု မယ်လဆေးရုံတာဝန်ရှိသူ တစ်ဦးက ပြောသည်။

“အလှူရှင်တွေက ထောက်ပံ့မှုမပေးတော့ရင် ကျနော်တို့လည်း ဘာမှလုပ်လို့မရတော့ဘူး။ အရင်တုန်းက တနင်္ဂနွေနေ့တစ်ရက်ထဲ ပိတ်ရင်တောင် တနင်္လာနေ့မှာ လူနာအပြည့်လာတယ်။ ရောဂါတွေက အစုံပဲပြီးတော့ ကိုယ်ဝန် ဆောင်မိခင်တွေဆိုရင် ဘယ်သူက စောင့်ရှောက်တော့မလဲ၊ ပြီးတော့ တစ်လတစ်ခါ ဆေးပုံမှန် ယူသောက်ရတဲ့ လူတွေ သူတို့ဆေးမရတော့ရင် သူတို့အတွက်ခက်ခဲလာမယ်။ အပြင်မှာသွားပြရင်လည်း အထောက်အထားမရှိ ပိုက်ဆံမရှိတော့ တော်တော်ကိုခက်ခဲမှာ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

စခန်းအတွင်းရှိ ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု ရပ်လိုက်သည့်အချိန်တွင် ဒုက္ခသည်များသည် စခန်းထဲရှိ ဆေးဆိုင်များကို မှီခိုအားကိုး ဝယ်ယူရတော့မည်ဖြစ်သည့်အတွက် စခန်းရှိ ဆေးဆိုင်များ ဈေးပေးမတက်ရန် မယ်လ ဒုက္ခသည်စခန်း တာဝန်ရှိသူများ ဘက်က ထုတ်ပြန်ထားသည်။