ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ် ၊ ကျုံဒိုးမြို့ပေါ် ရပ်ကွက်များနှင့် ဂျိုင်းတံတားအနီးရပ်ကွက်များတွင် နေထိုင် ကြသည့် ကရင်နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့တွင် စစ်မှုထမ်းနေသူများ၏ မိသားစုများအား တိုက်ပွဲဖြစ်မည့်အခြေအနေရှိသည်ဟုဆိုကာ ယခုရက်ပိုင်းအတွင်း နေရာရွှေ့ပြောင်းနေ ထိုင်ခိုင်းလျက်ရှိကြောင်း မြို့ခံသတင်းအရင်းအမြစ်များက ပြောသည်။
BGF တပ်ဖွဲ့ နှင့်နီးစပ်သည့် မြို့ခံသတင်းအရင်းအမြစ်က “ကျုံဒိုးမှာ ဗိုလ်ဝင်းအောင်က BGF နယ်ခံလေ၊ သူ့ဆီ BGF ဝင်လုပ်ကြသူတွေ မိသားစုတွေကို ကျုံဒိုးကနေ တခြားနေရာတွေရွှေ့နေကြဖို့ အမိန့်ထုတ် ထားတယ်။ ကျုံဒိုးကို PDF တွေ ဝင်တိုက်မယ့် သတင်းက တော်တော် ဖြစ်တယ်လေ။ သူတို့ ကားတွေကို မောင်းတံဂိတ်ချ ပိုက်ဆံတောင်းတဲ့ နေရာတွေမှာ လိုက်နေနေကြတဲ့မိသားစုတွေလည်း အနေမခံတော့ဘူး။ ရိုးမဟာဘက် ၊ မနီကုန်းဘက်၊ သာမညဘက်၊ ဖားအံဘက်ကို ပြောင်း နေကြတာတွေ့နေရတယ် ”ဟု ပြောသည်။
လက်ရှိ ဂျိုင်းတံတားမှ ကော့ကရိတ် မြို့အထိ လမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာများတွင် BGF တပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီတပ်ဖွဲ့များ လမ်းကင်းချငွေတောင်းဂိတ်များအား KNLA မဟာမိတ်တပ်ဖွဲ့များကြားဖြတ်တိုက်ခိုက်မှု နေ့စဉ်နီးပါးဖြစ်ပွားလျက်ရှိသည်။ ထို့အတူ ကျုံဒိုး ခြေမြန်တပ်ရင်း-ခမရ ၅၄၅၊ ၅၄၆ တပ်များကလည်း ကျေးရွာများဘက်သို့ လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုဆက်ရှိနေကြောင်း သိရှိရသည်။
“ကျုံဒိုး စစ်တပ် ၅၄၅/၅၄၆ တပ်တွေက မိုင်းတွေ ထောင်ထားတယ်။ တပ်ပတ်ခြာလည်ကိုပေါ့၊ PDF တွေ ကပ်မရအောင်၊ ဂျိုင်းတံတားအသစ်ရော၊ ကြိုးတံတားအဟောင်းအောက်ဘက်ရော မိုင်းတွေ ဆင်ထား တယ်။ အဲ့တံတားနားမှာ BGF အုပ်စုတွေ ကျူးကျော် အိမ်ဆောက်နေနေတာတွေလည်း များလာတော့ အခုနေရာရွှေ့ခိုင်းနေတယ်။ တံတားစစ်တပ်ကလည်းကမ်းနီတို့၊ မိဂလုံတို့ဘက်အထိ လက်နက်ကြီး ပစ်ထုတ်တယ်။ PDF တွေတံတားကို ဒရုန်းနဲ့လာလာချလို့လေ။ ”ဟု ကျုံဒိုးနယ်၊ သရက်တောကျေးရွာသားတစ်ဦးက ပြောသည်။
လတ်တလောတွင် ကော့ကရိတ်-မြဝတီ အာရှလမ်း သင်္ဃန်းညီနောင်နေရာများကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ရေး အောင်ဇေယျ စစ်ဆင်ရေး တိုက်ခိုက်မှုများ ယခုလပိုင်းအတွင်း စစ်ကူလက်နက်ခဲယမ်း အဆက်မပြတ်ဖြည့်တင်းနေပြီး စစ်ရှိန် မြှင့်တိုက်ခိုက်နေသည့်အတွက် ကျုံဒိုး၊ ကော့ကရိတ် ဒေါန တောင်လမ်းဟောင်း၊ အာရှလမ်းသစ်နေရာများတွင် တိုက်ပွဲပြင်းထန်နေကြောင်း သိရှိရသည်။



















