ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာစစ်တပ်က အာဏာသိမ်းထားသည့် (၄)နှစ်နီးပါးကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်များပူးပေါင်းပြီး သိမ်းပိုက်ထားနိုင်သည့် မြို့ပေါင်း (၉၅)မြို့အထိ ရှိလာကြောင်း မြန်မာ့ငြိမ်းချမ်း ရေးလုပ်ငန်းစဥ်အား စောင့်ကြည့်လေ့လာနေသည့်လုပ်ငန်းအဖွဲ့ BNI-MPM ၏ အစီရင်ခံစာက ဆိုသည်။
နိုင်ငံတကာမြန်မာသတင်း-BNI၏ ငြိမ်းချမ်းရေးဖြစ်စဥ်စောင့်ကြည့်လေ့လာရေး လုပ်ငန်း-MPM မှ အွန်လိုင်း အစီအစဥ်ဖြင့် ယနေ့ပြုလုပ်သည့် “မြို့သိမ်းခြင်း၊ မြို့ထိန်းခြင်းနှင့် တော်လှန်ရေး၏ ဦးတည်ရာ” အမည်ရှိ အထူးသုံးသပ်ချက်အစီရင်ခံစာမိတ်ဆက်ပွဲအတွင်း ထိုသို့ ဖော်ပြလာခြင်းဖြစ်သည်။
စစ်ကောင်စီစိုးမိုးထားသည့် မြို့များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းယူနိုင်မှုကြောင့် ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့အထိ ရှမ်းမြောက်ဒေသတွင် (၂၄)မြို့၊ ရခိုင်တွင် (၂၃)မြို့၊ ချင်းပြည်နယ်တွင် (၁၅)မြို့၊ ကချင်ပြည်နယ်တွင် (၁၄)မြို့နှင့် ကျန်ရှိ ကရင်၊ ကရင်နီ၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းတောင်၊ ပဲခူး(အရှေ့ပိုင်း)တို့တွင်လည်း မြို့များ အသီးသီးသိမ်းပိုက်ထားနိုင်ပြီဟု BNI-MPM က ဆိုသည်။
ယင်းအထဲတွင် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)တို့ရှိ မြို့(၄)မြို့အား ကရင် အမျိုးသားအစည်းအရုံး-ကေအဲန်ယူက သိမ်းပိုက်ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။
“တောင်ပိုင်းတိုင်းဒေသမှာပြန်ကြည့်ရင်တော့ ခြွေစစ်တွေပိုများတာတွေ့ရတယ်။ မြဝတီမြို့ကိုဆိုလည်း စစ်ကောင်စီကရဖို့ ကြိုးပမ်းနေတာ အဲဒီကာလကတည်းကဒီနေ့အထိ မအောင်မြင်သေးဘူးပေါ့နော်။ မြဝတီကို တက်လာတဲ့ စစ်ကြောင်းတိုင်းကို တော်လှန်ရေးတပ်တွေက ဖြတ်တောက်နိုင်တဲ့အနေအထားရှိတယ်။ ခြွေစစ်ပဲဖြစ်ဖြစ်၊ မြို့သိမ်းပဲဖြစ်ဖြစ် တောင်ပိုင်းမှာလည်း စစ်ကောင်စီကိုတိုက်ခိုက်နိုင်တာ ထင်ရှားပါတယ်” ဟု BNI-MPM ၏ တာဝန်ရှိသူက မိတ်ဆက်ပွဲတွင်ပြောသည်။
အစီရင်ခံစာအရ တော်လှန်ရေးအင်အားစုက သိမ်းယူထားနိုင်သည့် မြို့များအနက် (၉၃)မြို့မှာ ကိုးကန့်(MNDAA)၊ တအာင်း(PLSF/TNLA) နှင့် အာရက္ခတပ်တော်(ULA/AA) တို့ မဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး အလွန်ကာလများတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး အာရက္ခတပ်တော်က မြို့ပေါင်း(၂၅)မြို့ကို အများဆုံး သိမ်းပိုက်ထားနိုင်ကြောင်း သိရှိရသည်။
၎င်းအပြင် အစိုးရနယ်မြေသတ်မှတ်ချက်အရ ပြည်နယ်နှင့်တိုင်း(၁၄)ခုရှိ မြို့နယ်ပေါင်း (၂၃၂)မြို့နယ်၊ တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံး၏ ၇၀ ခိုင်နှုန်းသည် နှစ်ဖက်ပဋိပက္ခတိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီအနေဖြင့် နယ်မြေအပြည့်အဝထိန်းချုပ်ထားရေးကို ရုန်းကန်နေရသည်ဟုလည်း အစီရင်ခံစာက ဖော်ပြသည်။
ထိုမျှမက လက်ရှိတော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်သည့်မြို့များအတွင်း နိုင်ငံ၏ကုန်သွယ်စီးပွားရေးနှင့် တော်လှန်ရေးအဖွဲ့အတွက် နိုင်ငံရေး၊ စစ်ရေးအားဖြင့် အရေးပါအရာရောက်သည့် မြို့များပါဝင်နေသောကြောင့် စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း BNI-MPM ၏ မှတ်တမ်းအစီရင်ခံအရ သိရသည်။
ပြီးခဲ့သည့် ခုနှစ်ကာလများနှင့်နှိုင်းယှဥ်ပါက မြို့သိမ်းနှင့်မြို့ထိန်းတိုက်ပွဲများအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဦးဆောင်မှုနှင့်ပူးပေါင်းလှုပ်ရှားမှု ပိုမိုထင်ရှားလာသလို လာမည့်ကာလတွင်လည်း တော်လှန်ရေးတပ်ပေါင်းစုများ ဖွဲ့စည်းခြင်းအပါအဝင် စစ်ရေးနယ်ပယ်ပိုမိုကျယ်ပြန့်၍ မြို့သိမ်း၊ မြို့ထိန်းဖြစ်စဥ်များ ပိုမိုမြင်နိုင်ဖွယ်ရာရှိကြောင်းလည်း သုံးသပ်ဖော်ပြထားသည်။
BNI-MPM ၏ အထူးသုံးသပ်ချက်အစီရင်ခံစာအား တော်လှန်ရေးအင်အားစုများအတွက် သတိပြုမိဖွယ် ဖြစ်စေရန်အပြင် စစ်ကောင်စီ၏အကြမ်းဖက်မှုမှ ရင်ဆိုင်နေရသည့် ပြည်သူလူထု၏အသံကို ထုတ်ဖော်ရန် ရည်ရွယ်ပြီး ရေးသားပြုစုသည်ဟုလည်း မိတ်ဆက်အခမ်းအနား၌ ပြောဆိုသွားသည်။
BNI-MPM ကို မြန်မာ့ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဖြစ်စဥ်အတွင်း ပတ်သက်နေသည့် လူ၊ အဖွဲ့အစည်း၊ အကြောင်း အရာများနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အရွှေ့အပြောင်းများကို လူထု သိရှိနားလည်စေရန်ရည်ရွယ်၍ ၂၀၁၃ ခုနှစ်ကတည်းက စတင်လာခဲ့ခြင်းဖြစ်သည်။ ယင်းနှင့်စပ်လျဥ်းသည့် လေ့လာချက်များ၊ ရည်ညွှန်းအကိုးအကားစာအုပ်များ ပြုစုရေးသား ထုတ်ဝေလျက်ရှိသည်။