Home သတင်း ဖားအံမြို့ပေါ်တွင် စစ်မှုထမ်းအတွက် လစဉ်ထောက်ပံ့ကြေး တောင်းခံမှု ဆက်ရှိနေ

ဖားအံမြို့ပေါ်တွင် စစ်မှုထမ်းအတွက် လစဉ်ထောက်ပံ့ကြေး တောင်းခံမှု ဆက်ရှိနေ

190

ဇန်နဝါရီ ၂၈ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့ပေါ် ရက်ကွက်အတွင်း နေထိုင်သူများထံမှ စစ်မှုထမ်းများအတွက် လစဉ်ထောက်ပံ့ကြေးကို စစ်ကောင်စီ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက တောင်းခံနေမှုများ ဆက်ရှိနေသေးသည်ဟု မြို့ခံများက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဖားအံမြို့ပေါ် အမှတ်-၆ ရပ်ကွက်၊ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်တို့က ရပ်ကွက်အတွင်းနေထိုင်သူများကို စစ်မှုထမ်း ထောက်ပံ့ကြေး လစဉ် ကျပ် ၅,၀၀၀ ကောက်ခံနေသည်ဟု အခြေ အနေမှန်ကို သိရှိထားသူ မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“အဓိကတောင်းခံနေတာကတော့ ဒီအမှတ်(၆)ရပ်ကွက်မှာ၊ အုပ်ချုပ်ရေးမှူးအပိုင်း က သူတွေလိုက်ပြီးတော့ စေတနာရှိသလောက်ပေးရမယ်။ ပြီးတော့အနည်းဆုံး ငါးထောင်အထိပေးရတယ်။ ငါးထောင်က အခုခေတ် အခြေအနေနဲ့ဆို နည်းပေမဲ့ နေ့စားသမားတွေအတွက် တကယ်ကို ခက်ခဲတယ်။ ပြီးတော့ လတိုင်းပေးရမယ်လို့ လည်း ပြောသွားပါတယ်” ဟု မြို့ခံ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အခြားမြို့နယ်များမှ စစ်ဘေးရှောင်များ အိမ်ခန်းငှား လာရောက်ငှားရမ်းနေထိုင်မှုများရှိသည့် အဆိုပါ အမှတ်-၆ ရပ်ကွက်တွင် အများစုသည် စားဝတ်နေရေးအတွက် ရုန်းကန်နေရပြီး ယခုလို ပိုက်ဆံကောက်သည့်အတွက်ဝန်တစ်ခု သဖွယ်ဖြစ်နေသည်ဟု အမည်မဖော်လိုသူ လူငယ်တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီက ပြည်သူ့ စစ်မှုထမ်း နည်းဥပဒေကို ဇန်နဝါရီ ၂၃ ရက် နေ့တွင် ထုတ်ပြန်ခဲ့ရာ ၎င်းဥပဒေအရ စစ်မှုထမ်းရန် အကျုံးဝင်သူ လူငယ်များကို အတင်းအကြပ် ခေါ်ယူမည့် အခြေအနေကိုလည်း စိုးရိမ်နေရသည် ဟုမြို့ခံတို့က ပြောသည်။ သို့သော် ဖားအံမြို့ပေါ်တွင် ထိုသို့ ဆင့်ခေါ်စာပို့ ခေါ်ယူခြင်းမျိုး မရှိသေးကြောင်း ဖားအံ မြို့ခံ သတင်းရင်းမြစ်များက ပြောသည်။

မြို့ခံ အမျိုးသမီးတစ်ဦးက “အိမ်အထိတော့ စာတွေမရောက်လာသေးဘူး။ အမျိုးသမီးတွေစစ်မှုထမ်းရမယ်လို့ ပြောသံတွေတော့ ကြားထား တာရှိတယ်။ တချို့သူငယ်ချင်းတွေက တခြား နိုင်ငံတွေကို ထွက်နေကြတာရှိတော့ နောက်ပိုင်းမှာ ဘယ်လိုရင်ဆိုင် ရမလည်းမသိသေးဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေအရ ငွေကြေးတောင်းခံသူများကို အရေးယူပြုလုပ်မည်ဟု ပြောဆိုထားပြီး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် လူစားလဲရန် ငွေကျပ် သိန်း ၁၃၀ တောင်းခံခဲ့သည့် ရဲမှူးနှင့် ထွေအုပ်စာရေးတို့ ကို ဖမ်းဆီးခဲ့သည်ဟု စစ်ကောင်စီလက်အောင်ရှိ ယနေ့ထုတ်ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။