Home သတင်း ဖားအံတွင် လုယက်မှု အဖြစ်များလာ

ဖားအံတွင် လုယက်မှု အဖြစ်များလာ

209
Photo - Social Media

ဇန်နဝါရီ ၂၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင်းနှင့် မြို့အနီးဝန်းကျင် လူသွားလူလာ ပြတ်တောက်သည့် လမ်းများပေါ်၌ လူအများ သွားလာချိန်တွင် လုယက်ခံရမှုများ ယခု ဇန်နဝါရီလအတွင်း အဖြစ်များလာသည်ဟု မြို့ခံများက ပြောသည်။

အဆိုပါ ဖြစ်စဉ် အများစုသည် မြို့လယ်၊ ရပ်ကွက် လမ်းကြားများတွင် ဆိုင်ကယ်ဖြင့် ဘေးချင်းကပ် ဆွဲလု၍ မောင်းပြေးလုပ်ဆောင်လေ့ရှိပြီး လုယက်ရာ၌လည်း အမျိုးသမီးများကို ပစ်မှတ်ထားကာ ဖုန်း၊ ရွှေထည်နှင့် ပိုက်ဆံအိတ်တို့ကို လုယက်ခံရမှုများ အဖြစ်များခဲ့သည်ဟု ဖားအံမြို့ပေါ်နေသူများက ပြောသည်။

“လုတဲ့ကောင်တွေက ဆိုင်ကယ်ပေါ်ကနေ ဖြတ်ဆွဲယူတာ။ အိတ်ကို ဘေးတစောင်းလွယ်တာတို့ ခြင်းထဲ ထည့်ထားတို့ပေါ့။ သူတို့က အဓိက ပစ်မှတ်ထားတာက ဆိုင်ကယ် ဖြေးဖြေး မောင်းတဲ့ မိန်းကလေးတွေ အသက်အရွယ်ကြီးတဲ့ အဒေါ်အရွယ်တွေကိုပါ။ ဆိုင်ကယ်ကို လူနှစ်ယောက်စီးထားရင် ပိုစိတ်ချရတယ်။ တယောက်တည်းဆို လုံခြုံမှု မရှိဘူး” ဟု မြို့ခံလူငယ်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့ညပိုင်းတွင် မြို့တွင်း လူအသွားအလာပြတ်လေ့ရှိသည့် အမှတ် (၁) ရပ်ကွက် သရက်တောဘုန်းကြီးကျောင်းအနီး လမ်းသွယ်တခု၌ ဆိုင်ကယ်ပေါ်မှ လက်ကိုင်ဖုန်း နှစ်လုံး လုယက်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့သည်ဟု မြို့ခံများက ပြောသည်။

“အဲဒီလမ်းကြားတစ်လျှောက် အကွေ့နေရာမှာကျတော့ အုတ်တံတိုင်းနဲ့ သက်သက်ပဲ ကာထားတော့ လူပြတ် တယ်။ သုံးမိနစ် လေးမိနစ် လောက် အုတ်တံတိုင်းဖြတ်မောင်းပြီးမှ လူတွေ ရှိတဲ့နေရာ ရောက်တယ်လေ။ ခုတလော ခိုးတာ၊ လုတာ တချိန်လုံးဖြစ်နေလို့ ဆိုင်ကယ်တွေဆို ရပ်တောင်မထား ရဲတော့ဘူး” ဟု အခြားမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ ဇန်နဝါရီ ၂၁ ရက်နေ့ မွန်းလွဲ (၁)နာရီ ဝန်းကျင်တွင် ဖားအံမြို့တွင်း အမှတ်(၃) ရပ်ကွက်ရှိ ကျောက်တိုင် လမ်းနေရာ၌ ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ်လုယက်မှု ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်ဟု မြို့ခံများထံမှ သိရသည်။

ထိုသို့ လုယက်ခံရသူများ အနေဖြင့် ၎င်းတို့ ပစ္စည်းများကို ပြန်မရရှိတော့သလို ကျူးလွန်သူများကိုလည်း ဖမ်းဆီး ပေးမည့် လုံခြုံရေး အဖွဲ့အစည်း မရှိသည့် အခြေအနေမျိုး ဖြစ်ပေါ်နေသည်။ ထိုသို့ တရားဥပဒေ စိုးမိုးမှု မရှိသည့် အတွက် လုယက်ခြင်းနှင့် ခိုးယူမှုများ ပိုမိုအဖြစ်များလာသည်ဟု အဆိုပါ မြို့ခံအမျိုးသမီးက ဖြည့်စွက်ပြောသည်။

လက်ရှိ နိုင်ငံအတွင်း စီးပွားရေး ကျဆင်းနေပြီး စားဝတ်နေရေး ခက်ခဲလာသည့် အကျိုးဆက်ကြောင့် ယခုလို ခိုးဆိုးလုယက်မှု အဖြစ်များလာခြင်း ဖြစ်သည်ဟု မြို့ခံများက မှတ်ချက်ပြု ပြောသည်။

ထို့ကြောင့် လူအသွားအလာနည်းသည့် လမ်းများပေါ်သို့ သွားလာမည်ဆိုပါက သတိထားကြရန်၊ အထူးသဖြင့် အမျိုးသမီးများ ဆိုင်ကယ်ဖြင့် သွားလာပါက ပိုက်ဆံအိတ်နှင့် တန်ဖိုးကြီး ပစ္စည်းများ ဝတ်ဆင်ခြင်းကို သတိထားရန်၊ အဖော်ဖြင့် သွားလာရန် စသည်တို့ကို အင်တာနက် လူမှုကွန်ယက် စာမျက်နှာများ၌ သတိပေး ထွက်ပေါ်လျက် ရှိသည်။
လက်ရှိ ဖားအံတွင် မြို့တွင်း မြို့ပြင် စစ်ကောင်စီက လုံခြုံရေး ကင်းလှည့် စစ်ဆေးမှုများ ရှိနေသည့်ကြားက ယခုလို လုယက်မှု အဖြစ်များနေသည်ဟု မြို့ခံများထံမှ သိရသည်။