Home သတင်း ဒုံးသုတေသီပညာရှင် စာပေနှင့် တေးရေးဆရာ စောမြင့်သူ ကွယ်လွန်

ဒုံးသုတေသီပညာရှင် စာပေနှင့် တေးရေးဆရာ စောမြင့်သူ ကွယ်လွန်

255
Photo: Social Media

ဇန်နဝါရီ ၃၀ရက်၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ရိုးရာ ဒုံးအက သုတေသီပညာရှင်တစ်ဦးဖြစ်ပြီး ယဉ်ကျေးမှု စာပေများနှင့် တေးသီးချင်းများ ရေးသားခဲ့သူ စောမြင့်သူ (ဖားအံ) သည် ဇန်နဝါရီ ၂၉ ရက်နေ့ ညပိုင်းတွင် ကွယ်လွန်သွားသည်ဟု ဖားအံ ကရင်အနုပညာ အသိုင်းအဝိုင်းက ပြောသည်။

ဆရာစောမြင့်သူသည် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၆ နှစ်ရှိပြီး ဖြစ်သည်။

သူသည် ကရင့်ရိုးရာ ဒုံးသုတေသီတစ်ဦး ဖြစ်သည့်အပြင် ကရင်တေးသီချင်းများ ရေးဖွဲ့သည့် နာမည်ကြီး တေးရေး ဆရာတစ်ဦးလည်းဖြစ်သည်။ ကွယ်လွန်ချိန်ထိ ကရင်အနုပညာအစည်းအရုံး-KCO နာယက တစ်ဦးအဖြစ်တာဝန် ထမ်းဆောင်နေသူ တစ်ဦးဖြစ်သည်။

ထို့အပြင် ရန်ကုန်ယဉ်ကျေးမှု အနုပညာတက္ကသိုလ်၌ ကရင်ဒုံးဘာသာရပ် သင်ကြားနိုင်ရေး ဦးဆောင်စီစဉ်နေသူ တစ်ဦးလည်းဖြစ်ကာ သင်ရိုးညွှန်းတမ်းရေးဆွဲနေသူ တစ်ဦးဖြစ်ပြီး ထိုသို့ လုပ်ဆောင်နေမှုအပေါ် ယခုလဆန်းပိုင်း တွင် ကေအိုင်စီနှင့် သီးသန့်ဆက်သွယ်မေးမြန်းမှုတစ်ခုလည်း ပြုလုပ်ပေးခဲ့သည်။

“ကရင်စာပေဖြစ်ဖြစ်၊ ယဉ်ကျေးမှုအပိုင်းဖြစ်ဖြစ် ဆုံးရှုံးမှုတော့ အများကြီးဖြစ်သွားတာပေါ့၊ သူလုပ်ပေးနိုင် သလောက် အများကြီးလုပ်ပေးခဲ့တယ်။ အရမ်းလည်းနှမြောတယ်။ ဘာဖြစ်လဲဆိုတော့ သူနဲ့ သူငယ်ချင်းလည်းဖြစ်တယ်။ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်တယ်။ ရည်ရွယ်ချက်တူ၊ ရည်မှန်းချက်တူ ဖြစ်တော့ ဆုံးရှုံးမှုတစ်ခုဖြစ်သွားတာပေါ့” ဟု မိတ်ဆွေတစ်ဦးဖြစ်သူ စောလှထွေးက ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် ဒုံးပညာရှင် စောမြင့်သူသည် ရန်ကုန် ယဉ်ကျေးမှု အနုပညာတက္ကသိုလ်၌ ကရင်ဒုံး ဘာသာရပ် သင်ကြားနိုင်ရေး ဦးဆောင်စီစဉ်နေသူဖြစ်သလို သင်ရိုးညွှန်းတမ်းရေးဆွဲနေသူတစ်ဦးလည်း ဖြစ်သည်။

ကရင့်ရိုးရာယဉ်ကျေးမှု စာပေများ ရေးသားနေသူ အရှင်မန်းနဲနန္ဒာစာရက “ကရင်အနုပညာမှာ ဒုံးအက နဲ့ပတ်သက်လို့အများကြီးရှိတယ်။ မောင်ရို့ဒုံး၊ ကျွဲဒုံး၊ သမင်ဒုံး စသည်အများကြီးပဲ။ အဲ့ဒါတွေကိုဆရာစောမြင့်သူက စနစ်တကျဖော်ထုတ်ရေးသား သင်ပြနေတာ သိကြပါလိမ့်မယ်၊ ကရင့်ကြေးမုံ နှစ်စဥ်ဖတ်ရင်တော့ ဆရာရဲ့အနုပညာအစွမ်းကိုသိကြမှာပါ” ဟု ကေအိုင်စီသို့ မိန့်ကြားသည်။

ဓါတ်ခွဲခန်းကျွမ်းကျင် ဆရာဝန်တစ်ဦးလည်း ဖြစ်သူ ဆရာစောမြင့်သူသည် ကရင်ဒုံးအကကို ကမ္ဘာ့အမွေအနှစ် ဒြပ်မဲ့ယဉ်ကျေးမှု တစ်ခုအဖြစ် ကမ္ဘာ့အသိအမှတ်ပြု မှတ်တမ်းတင်နိုင်ရန် အားသွန်ခွန်စိုက် မှတ်တမ်းပြု စု ကျိုးပမ်းနေသူတစ်ဦးလည်း ဖြစ်သည်ဟု မိတ်ဆွေများထံမှ သိရသည်။

ဖားအံမြို့နေ လူငယ်တစ်ဦးက “၂၀၂၀ တုန်းက စကားဝိုင်းတစ်ခုမှာ ဆရာကြီးရဲ့ နိုင်ငံနဲ့ လူမျိုးဂုဏ်ကို မြှင့်တင်လို တဲ့စိတ်ကို မြင်ခဲ့ရတယ်။ ကရင်လူမျိုးတို့ရဲ့ ရိုးရာဒုံးအကကို ကမ္ဘာ့အမွေအနှစ်တစ်ခု အဖြစ် အသိအမှတ်ပြုခံရရင် ကရင်ရိုးရာဒုံးကို ကရင်တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံးနဲ့ ကမ္ဘာကြီးတစ်ခုလုံးကပါ စောင့်ရှောက်ခွင့်ကိုရရှိသွားမယ်။ ဆိုတဲ့ သူ့ရဲ့ကြီးမားတဲ့ အမျှော်အမြင်ကိုလည်း အတိုင်းသားမှန်းဆမိပါတယ်။ ဆရာကြီးကွယ်လွန်ခြင်းဟာ ယဉ်ကျေးမှု အမွေအနှစ်ကို ချစ်မြတ်နိုး သူတိုင်းအတွက် အင်မတန်မှ နှမြောရပါတယ်” ဟု ပြောသည်။

ကရင့်ရိုးရာ ဒုံးအက ပညာရှင် စောမြင့်သူ ကွယ်လွန်ချိန်တွင် ဇနီးနှင့် သားတစ်ဦး၊ သမီးတစ်ဦးကျန်ရှိခဲ့သည်ဟု သိရသည်။ သူ၏ ဈာပနကို ဇန်နဝါရီလ ၃၁ ရက်(နံနက်ဖြန်)တွင် ဖားအံမြို့ သုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်သွားမည်ဖြစ်သည်ဟု နီးစပ်သူမိတ်ဆွေများထံမှ သိရသည်။