ဇန်နဝါရီ ၂၅ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း ယခုနှစ် ကွမ်းသီးရာသီ စတင်ကတည်းက ဈေးကောင်းနေပြီး ကွမ်းသီးအခြောက်ထားသူများ ရောင်းဝယ်ဖောက်ကားမှု အဆင်ပြေနေသည်ဟု ဒေသတွင်း ကွမ်းခြံပိုင်ရှင်များက ပြောသည်။
ယခင်နှစ် ကွမ်းသီးရာသီတွင် ကွမ်းသီးခြောက်တစ်ပိဿာလျှင် ကျပ် ၃,၀၀၀ ဝန်းကျင်ဈေးနှုန်း ရှိခဲ့သော်လည်း ယခုနှစ် ကွမ်းသီးရာသီ စဖွင့်ချိန်တွင် တစ်ပိဿာ ၁၂,၀၀၀ ကျပ် ဝန်းကျင်နှုန်းထိ ဈေးကောင်းနေပြီး ကွမ်းသီး အခြောက်ထား ရောင်းချသူများ တွက်ခြေကိုက်နေသည်ဟု ကွမ်းသီးအရောင်းအဝယ်ပြုလုပ်နေသည့် ကေအိုင်စီသို့ ပြောသည်။
“မိုးရာသီတုန်းက ကွမ်းသီးအနုရောင်းတာများသွားတော့ အခြောက်လုပ်ဖို့ သိပ်မကျန်တော့တာကြောင့်လည်း ပါမယ်။ ဒီနှစ် စဖွင့်ကတည်းက ကွမ်းသီးဈေးကောင်းတယ်။ မနှစ်ကဆို တစ်ပိဿာ ၃,၀၀၀ ကျော်လောက်ပဲရတာ။ ဒီနှစ်ကတော့ ကွမ်းသီးမျက်နှာလှတယ်၊ ဖြူတယ် လှမ်းထားတာကောင်းကောင်းခြောက်တယ်ဆိုရင် တစ်ပိဿာ ၁၂,၀၀၀ အထိရတယ်။ ကွမ်းသီးခြံလုပ်စားသူတွေ အဆင်ပြေတာပေါ့” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
တနင်္သာရီတိုင်းတွင် ထားဝယ်၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်တို့တွင် ကွမ်းသီးခြံလုပ်ငန်း အများစုရှိကာ ထွက်ရှိ လာသည့် ကွမ်းသီးများကို ထားဝယ်မြို့ရှိ ပွဲရုံများသို့ အဓိက တင်ပို့ရောင်းချနေခြင်းဖြစ်သည်ဟု ပွဲရုံလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။
သို့သော် ကွမ်းခြံပိုင်ရှင် အများစုအနေဖြင့် ကွမ်းသီးများကို ထားဝယ်ရှိ ပွဲရုံသို့ တင်ပို့ရာ၌ လမ်းတလျှောက် စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များ ရှိနေသည့်အတွက် ပွဲရုံများသို့ တိုက်ရိုက်ရောင်းခြင်းထက် ကွမ်းသီးစုပေါင်း သယ်ယူသည့် ကုန်ကားများဖြင့်သာ တင်ပို့ရောင်းချလေ့ရှိသည်ဟု သိရသည်။
“ယုံကြည်ရတဲ့ကားသမားပဲ ကိုယ့်ရွာသားလည်းဖြစ်တော့ အဆင်ပြေတယ်လေ။ ကားသွားပြီဆိုရင် ကွမ်းသီးပို့သူ ဘယ်နှယောက်ရှိလဲ။ လူတစ်ယောက်ကို ကွမ်းသီးဘယ်လောက်ပို့မလဲ။ ဘောက်ချာတွေအားလုံးပေးပြီး သူက ဒိုင်မှာသွားရောင်း ဘောက်ချာနဲ့ ပိုက်ဆံပြန်ယူလာတယ်။ တချို့ကလည်း ကိုယ်တိုင်သွားရောင်းတာတော့ ရှိပါတယ်။ ကျမတို့ဘက်ကတော့ အဲ့လိုတဆင့်ရောင်းခိုင်းတာပိုများတယ်” ဟု ၎င်းအမျိုးသမီးက ဆက်ပြောသည်။
ထားဝယ်ခရိုင်အတွင်း ကွမ်းသီးအနုထက် အခြောက်က ဈေးပိုရသော်လည်း အချိန်ပေးအခြောက်ခံရသည့် အပြင် နယ်မြေတွင်းဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရမှု အခြေအနေများလည်း ရှိပြီး ကွမ်းသီးခြောက်ခံ ရောင်းချနေသူ နည်းပါနေသည်ဟု သိရသည်။
တနင်္သာရီတိုင်းတွင် ထားဝယ်ခရိုင်အပြင် တနင်္သာရီနှင့် ပုလောမြို့နယ်များတွင်လည်း ကွမ်းသီးခြံ စိုက်ပျိုးရေး လုပ်ကိုင်နေသူများ ရှိပြီး ယခုလို ဈေးကောင်းရရှိနေကြောင်း သိရသည်။ ကွမ်းသီးများကို အိန္ဒိယနိုင်ငံသို့ တင်ပို့နေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။