Home သတင်း ကျောက်ကြီး၌ ဆုံးရှုံးသွားသည့် စခန်းများကို စစ်ကောင်စီ ပြောက်ကျား ပုံစံစစ်ကြောင်းထိုး

ကျောက်ကြီး၌ ဆုံးရှုံးသွားသည့် စခန်းများကို စစ်ကောင်စီ ပြောက်ကျား ပုံစံစစ်ကြောင်းထိုး

128

ဇန်နဝါရီ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ၊ ကျောက်ကြီးမြို့နယ် အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်ထားသည့် တပ်စခန်းအများစုကိုစစ်ကောင်စီက ပြောက်ကျား ပုံစံစစ်ကြောင်းထိုးနေသည်ဟု ကေအဲန်ယူ-ကျောက်ကြီး မြို့နယ်၊ ပြောရေးဆိုခွင့်ရှိသူ ပဒို စောဝါးမူက ပြောသည်။

ကျောက်ကြီးမြို့နယ်ရှိ မူသယ်အပေါ်ဘက် ခို့သစ်ကျိုးတပ်စခန်းနှင့် ဗျူဟာကုန်းဟောင်းစသည့်နေရာများကို ကရင်လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့ဝင်များမှ ယခုလအတွင်း အပြီးသတ်သိမ်းယူထားနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လက်လွှတ်ဆုံးရှုံးထားသော စခန်းများအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ စခန်းပြန် လည်ရရှိနိုင်ရေး ကြိုးပမ်းလာသည့်အတွက် နှစ်ဖက်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်ဟု ပဒိုစောဝါးမူက ယခုလို ပြောသည်။

“စစ်ကောင်စီတပ်တွေက စခန်းကုန်းတွေကို ပြန်လည်ရရှိနိုင်ဖို့အတွက် ပြောက်ကျားပုံစံမျိုးနဲ့ စစ်ကြောင်းထိုး လာတာရှိတယ်။ သူတို့စခန်းတွေကို ပြန်လာထိုင်လို့မရဘူး။ တိုက်ပွဲတွေခဏခဏဖြစ်နေတာရှိတယ်။ အဲ့ဒီစခန်းတွေ မှာက KNU တပ်ဖွဲ့ဝင်တွေရှိနေတယ်၊ သူတို့ပြန်လာလို့မရဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။

Photo: KNLA

အဆိုပါ တပ်မဟာ-၃ နယ်မြေသည် စစ်ကောင်စီနှင့် ကေအဲန်ယူ၏ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်၊ တော်လှန်ရေးပူးပေါင်းတပ်တို့ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း တိုက်ပွဲ ၇၅၁ ကြိမ်ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၉၉၁ ဦးထိ သေဆုံးခဲ့ပြီး ကေအဲန်ယူ ခရိုင် ၇ ခု၌ စစ်ကောင်စီတပ်ဖွဲ့ဝင် အများဆုံး သေဆုံးခဲ့သည့် ခရိုင်တစ်ခုဖြစ်သည်။

၎င်းအပြင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်တွင်လည်း စစ်တပ်က ကျောက်ကြီး-မူသယ်ကားလမ်းပိုင်းကို ရိက္ခာပို့ဆောင်ရေးအတွက် ဆက်လက်အသုံးပြုနေသောကြောင့် နယ်မြေခံတော်လှန်ရေး တပ်ဖွဲ့များနှင့် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားမှုရှိခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်မှ ကျေးရွာများဘက်သို့ပါ ပစ်မှတ်ထားတိုက်ခိုက် လာသည့်အတွက် အနီးရှိကျေးရွာများမှာ ယနေ့ထိတိုင် နေရပ်စွန့်ခွာနေကြရသည်ဟု ဒေသတွင်းသတင်း အရင်းအမြစ် များထံမှ သိရသည်။