ဇန်နဝါရီ ၂၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ အုပ်ချုပ်သည့် ကော်သူးလေနယ်မြေ ခရိုင် ၇ ခု၌ ၂၀၂၄ ခုနှစ် တစ်နှစ် တာကာလပတ်လုံး စစ်ကောင်စီနှင့်တိုက်ပွဲပေါင်း ၃,၂၂၉ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃,၁၃၆ ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူ-ဗဟိုက ဇန်နဝါရီ ၂၄ ရက်နေ့တွင် ထုတ်ပြန်ပြောသည်။
ကော်သူးလေ နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့-KNDO အပါအဝင် ပူးပေါင်းမဟာမိတ်တပ်များနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများတွင် စစ်ကောင်စီ ဘက်က အရာရှိ၊ အရာခံ၊ တပ်သား သုံးထောင်ကျော် သေဆုံးသွားသလို ၂,၂၂၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု ကေအဲန်ယူ၏ နှစ်ချုပ်စာရင်း၌ ဖော်ပြထားသည်။
ထိုသို့ နှစ်ဖက်တိုက်ပွဲများတွင် KNLA, KNDO နှင့်ပူးပေါင်းတပ်များဘက်မှလည်း တပ်ဖွဲ့ဝင် ၁၀၀ ဦးခန့် ကျဆုံးခဲ့ ရပြီး ၃၀၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ-ဗဟို၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ၏ ဗျူဟာမှူးအဆင့်မှစ၍ အောက်ခြေတပ်သား ရာနှင့် ချီကိုလည်း ကော်သူးလေ နယ်မြေအသီးသီးတွင် ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန် ထားသည်။
ကော်သူးလေ ခရိုင် ၇ ခုထဲတွင် တပ်မဟာ (၃) ညောင်လေးပင်ခရိုင်၌ ၂၀၂၄ ခုနှစ်အတွင်း တိုက်ပွဲ ပေါင်း ၇၅၁ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၉၁ ဦး သေဆုံးခဲ့ပြီး ကျန်တပ်မဟာများထက် စစ်ကောင်စီ သေဆုံးမှု အများဆုံးဖြစ်ကြောင်း သိရသည်။
ယခု ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီ ကင်းစင်သည့် နယ်မြေဖြစ်လာရေး စစ်ရေးရည်မှန်းထားသည့် တပ်မဟာ (၅)၊ မူတြော် (ဖာပွန်) ခရိုင်တွင်လည်း ၂၀၂၄ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၉၄၇ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ် ဖွဲ့ဝင် ၅၉၆ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ထို့အပြင် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရမှုများလည်း သိသိသာသာတိုးမြင့်လာရာ စစ်တပ် အာဏာ သိမ်းယူထားသည့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ခရိုင် ၇ ခု အတွင်း၊ ၇သိန်း ခွဲ ဝန်းကျင်ရှိရာမှာ ၂၀၂၄ ခုနှစ်အတွင်း ၁.၃ သန်း နီးပါးထိ မြင်တက်လာသလို စားနပ်ရိက္ခာလိုအပ်မှုသည်လည်း ကြီးမားနေသည်ဟု သိရသည်။
ကော်သူးလေ နယ်မြေအပါအဝင် တစ်နိုင်ငံလုံးနီးပါး ယခုနှစ်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်များအကြား စစ်ရေးအရှိန် ပိုမြင့်လာနိုင်သည်ဟု စစ်ရေး၊ နိုင်ငံရေး အကဲခတ်အချို့က သုံးသပ်ပြောဆို ထားသည်။